ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိခဲ့အပြီး ပျံနှံမှုမြန်ဆန်နိုင်တဲ့အခြေအနေရှိတာကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ လိုင်ဇာမြို့တွင်းရှိ ပြည်သူများကို နှာခေါင်းတို့ဖတ်ရယူကာ ကိုဗစ်ရှိမရှိ စစ်ဆေးပေးနေပြီဖြစ်ပါတယ်။

Swab ယူစစ်ဆေးခြင်းကို ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မြို့တွင်းရှိ စျေးရောင်းချသူများ၊ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်သူများ၊ ဆေးကျောင်းသားများ၊ ကျန်းမာရေးဌာနဝန်ထမ်းများအားလုံး စုစုပေါင်း (၃၀၅၀) ဦးကို စစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ကိုဗစ်ဗဟိုကော်မတီထံမှ သိရပါတယ်။
ဆက်လက်ပြီးတော့လည်း လူစုလူဝေးဖြင့်လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေ၊ ရုံးဌာနနဲ့ စာသင်ကျောင်းများကို စစ်ဆေးသွားဖို့ ရှိနေသေးကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မုန်လိုင်ခတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၆ ဦးကို ကျန်းမာရေးစောင့်ကြည့် ဆေးဝါးကုသပေးနေကာ ထိုအထဲမှ တစ်ဦးကတော့ ရောဂါကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိထားကာ ဆက်လက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေပါတယ်။
လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့များတွင် လူစုလူဝေးဖြစ်စေတဲ့အရာမှန်သမျှကို တစ်ပတ်တိတိရပ်နားထားခိုင်းပြီး ထိုမြို့နှစ်ခုစလုံးကို ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။