လိုင်ဇာမြို့အတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု ၂၀၂၀ ခုနှစ်မှာ ပိုမိုများပြားလာ

ကိုဗစ်-၁၉ ကပ်ရောဂါစိုးရိမ်ကြောင့်ကြရတဲ့အချိန် လိုင်ဇာမြို့အတွင်းမှာတော့ ယခင်နှစ်ထက် ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ပိုမိုများပြားလာကြောင်း ဗဟိုကျန်းမာရေးဌာနကနေ သိရှိရပါတယ်။ ယခင်နှစ်များက အများပြည်သူတွေဆီ ရာသီတုပ်ကွေးရောဂါဆိုင်ရာကျန်းမာရေး ဟောပြောမှုတွေ၊ ဆေးဖြန်းခြင်း၊ ဆေးခြင်ထောင်များဖြန့်ဝေပေးခြင်းတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ခြင်ဆေးဖြန်းခြင်းများ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာ ဟောပြောမှုများ မလုပ်ဆောင်နိုင်ခြင်းကြောင့် ယခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများပြားလာတဲ့ အခြေအနေရှိကြောင်း ကျန်းမာရေးဌာနက ခန့်မှန်းထားပါတယ်။ ၂၀၂၀ ခုနှစ် မိုးရာသီကာလ ဝင်စချိန်တွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများပြားလာတာကြောင့် ဗဟိုကျန်းမာရေးဌာနရဲ့အစီအစဉ်ဖြင့် နေရာဒေသ၊ စစ်ဘေးရှောင်စခန်းတွေတိုင်းမှာ ကျန်းမာရေးကော်မတီတွေဖွဲ့စည်းကာ ရာသီတုပ်ကွေးဆိုင်ရာ ကျန်းမာရေးအမြင်ဖွင့်လမ်းညွန်စာရွက်များဖြင့် ဖြန့်ဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ဆောင်ဖို့၊ ခြင်ဆေးဖြန်းခြင်းများလုပ်ဆောင်မှုများရှိ သိရပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်စုမှ တစ်ဦးတစ်ယောက် (သို့မဟုတ်) ကိုယ်ကိုတိုင်ဖြစ်စေ ကိုယ်ပူခြင်း၊ မအီမသာဖြစ်ခြင်းများ ဖြစ်ပေါ်နေပါက စပ်ဆေးစားသုံးခြင်းမပြုပဲ ဆေးရုံဆေးခန်းဦးစွာသွားရောက်ကာ ရာသီတုပ်ကွေးစစ်ဆေးခြင်းများခံယူခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဆောင်ခြင်းနဲ့ အိပ်ချိန်တိုင်း ခြင်ထောင်ခြုံခြင်းလုပ်ဆောင်ကာ ရာသီတုပ်ကွေးမှ ကင်းဝေးဖို့ ဗဟိုကျန်းမာရေးဌာနမှ ပညာရှင်များက အသိပညာပေးထားပါတယ်။ “ဆေးခြင်ထောင်အထဲ အိပ်စက်ဖို့ မအိပ်ခင် ခြင်မကိုက်နိုင်ဖို့ အကျီလက်ရှည် ဘောင်းဘီလက်ရှည်ဝတ်ဆင်ခြင်း ခြင်ဆေးလိမ်းမှု ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းရေးတွေလုပ်ဆောင်ဖို့၊ ရေဝပ်ခြင်းမရှိအောင် နေရာတွေမှာ သတိထားဖို့၊ အိမ်အတွင်း လေဝင်လေထွက်ကောင်းဖို့၊ အမြဲတမ်းသန့်ရှင်းနေဖို့ စတဲ့ကာကွယ်နည်းများဖြင့် ရာသီတုပ်ကွေးမှ ကာကွယ်နိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ လိုင်ဇာမြို့အတွင်း ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ရာသီတုပ်ကွေးဖြစ်ပွားမှု အယောက် ၂၀၀၀ ကျော်ရှိခဲ့ပေမယ့် ယခုနှစ် နှစ်စမှ ဇွန်လအထိ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

Leave a Reply

*