လိုင်ဇာမြို့တွင်း ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံထားရသူကို စစ်ဆေးတွေ့ရှိထားတာကြောင့် လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါကျေးရွာနဲ့အနီးဝန်းကျင်ရွာတွင်ရှိတဲ့ ပြည်သူအားလုံးကို နှာခေါင်းတို့ဖတ်ရယူကာ ကိုဗစ်ပိုးရှိမရှိစစ်ဆေးပေးသွားဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်စစ်ဆေးပေးမည့်နေရာသတ်မှတ် ပြင်ဆင်ခြင်းကို ဩဂုတ်လ ၂ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ တာဝန်ရှိသူများ၊ လိုင်ဇာမြို့ အုပ်ချုပ်ရေးများနဲ့ မိုင်ဆပ်ပါကျန်းမာရေးစောင့်ကြည့်စင်တာ တာဝန်ရှိသူများက တာဝန်ယူကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ကိုဗစ်ရှိမရှိစစ်ဆေးပေးရေးနေရာ၊ ကျန်းမာရေးစောင့်ကြည့်စင်တာနဲ့ ဆေးဝါးကုသရေးနေရာများကို အရေးပေါ်လိုအပ်ချက်အပေါ် မူတည်ပြီး စနစ်တကျပြင်ဆင်နေကြပါတယ်။
လိုင်ဇာမြို့ရှိ ပြည်သူများကို ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးပေးနေစဉ် လက်ရှိမှာတော့ ၃၂ ဦး ရောဂါကူးစက်ခံထားရကြောင်း ရှာဖွေတွေ့ရှိထားသလို ကေအိုင်အိုထိန်းချုပ်နယ်မြေအများစုမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးလည်း ဖြစ်ပါတယ်။
ယခုလို ကိုဗစ်ကူးစက်ခံထားရသူတွေ့ရှိရတာကြောင့် ဝေကြိုင်စစ်ဘေးရှောင်စခန်းကနေစတင်ပြီး ဒွန်ဘုံးစစ်ဘေးရှောင်စခန်းအထိ နေထိုင်တဲ့ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းရှိမရှိကို ပိုက်စိပ်တိုက်ရှာဖွေနေတာပဲ ဖြစ်ပါတယ်။