လိုင်ဇာမြို့ဝင်ဂိတ်မှ ကိုဗစ်ဝင်ရောက်ခြင်းမရှိစေဖို့ အပြင်းအထန်ကြိုးစားနေ

လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်ကို တရားဝင်ပိတ်ပင်ထားပေမယ့် အခြားသောလမ်းပိုင်းကနေ ခိုးဝင်မှုတွေရှိနေတာကြောင့် ထိုလမ်းများကိုလည်း အတားအဆီးများဖြင့် ပိတ်ပင်ထားပြီဖြစ်ကြောင်း မိုင်ဆပ်ပါကျန်းမာရေးစောင့်ကြည့်စင်တာမှ တာဝန်ရှိသူကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်လာခြင်းကို ဟန့်တားနိုင်ဖို့ လမ်းပိုင်းပိတ်ပင်ထားတာဖြစ်ပြီး အဓိကလမ်းမကြီးမဟုတ်တဲ့ အခြားသောလမ်းပိုင်းများမှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ ကျေးရွာတာဝန်ရှိသူများနဲ့ ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးကာ လမ်းပိုင်းများကို ပိတ်စို့တားဆီးလိုက်ခြင်းဖြစ်ပါတယ်။

ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ဖွန်ရဲယန်ကျေးရွာဘက်ကနေ ခိုးဝင်တဲ့လမ်းပိုင်းကို မြေဖို့ကာ ပိတ်ပင်ထားလိုက်ပြီး ဒေသခံပြည်သူများအနေဖြင့် တရားဝင်လမ်းမကြီးအတိုင်းသာ သွားလာကြဖို့ သက်ဆိုင်သူများကို ပြောဆိုထားပြီးဖြစ်ကြောင်း မိုင်ဆပ်ပါကျန်းမာရေးစောင့်ကြည့်စင်တာမှ တာဝန်ရှိသူကပြောပါတယ်။

ကြားဖြတ်လမ်းပိုင်းကနေ သွားလာခြင်းမပြုလုပ်ကြဖို့ စိုးရိမ်ဖွယ်အရာများတည်ရှိခြင်းကြောင့် အရေးတကြီးသွားလာဖို့ လိုအပ်သူဖြစ်ရင်တောင် မသွားလာကြဖို့ သက်ဆိုင်သူများက ကြေညာထားပါတယ်။

လက်ရှိအချိန်တွင် မိုင်ဆပ်ပါကျန်းမာရေးစောင့်ကြည့်စင်တာတွင် စောင့်ကြည့်ခံသူ ၁၃ ဦးရှိကာ မုန်လိုင်ခက်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၆) ဦးကို ကျန်းမာရေးစောင့်ကြည့် ဆေးဝါးကုသမှုပေးအပ်နေပါတယ်။

မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်ကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ဗဟိုကော်မတီက တိုက်ရိုက်ကြီးကြပ်ပြီး ရောဂါပိုးဝင်ရောက်လာမှုမရှိစေဖို့ အင်တိုက်အားတိုက်လုပ်ဆောင်နေပါတယ်။

Leave a Reply

*