ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးသူ တစ်သောင်းခုနှစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။

လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးကတော့ တရုတ်နိုင်ငံထုတ် Sinovac အမှတ်တံဆိပ်ဖြစ်ကာ ကိုဗစ်ကူးစက်ခံထားရသူအများစုက ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများပြားကြောင်း ဆရာဝန်ကပြောပါတယ်။
“ကျနော်တို့ဒေသမှာ ထိုးနှံပေးတာက တရုတ်နိုင်ငံထုတ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးဖြစ်ပါတယ်၊ လက်ရှိကိုဗစ်ကူးစက်ခံရသူရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးတာကို တွေ့ရှိရတယ်” လို့ မုန်လိုင်ခက် ကိုဗစ်ကုသရေးစင်တာမှ တာဝန်ခံ ဒေါက်တာအောင်ဂမ် ကပြောပါတယ်။
ကိုဗစ်ကာကွယ်ရေးထိုးနှံပြီးသူတွေထဲတွင် ကိုဗစ်ပိုးကူးစက်ခံရသူရှိပေမယ့် ပမာဏနည်းပါးသလို အများစုကတော့ ကိုဗစ်လူနာများနဲ့ အနီးကပ် နေထိုင်သူ၊ ပြုစုသူများတွင် အများစုဖြစ်ပွားတာကို တွေ့ရှိရကြောင်း သူကဆက်ပြောပါတယ်။
ယခုထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးကတော့ အသက် ၁၆ နှစ်နဲ့ အသက် ၆၀ ကြားရှိ ကျန်းမာရေးကောင်းမွန်သူများကိုသာ ထိုးနှံပေးခြင်းဖြစ်ကာ အသက် ၆၀ အထက်ရှိသူများကို ကျန်းမာရေးစစ်ဆေးပေးပြီးမှ ထိုးနှံပေးခြင်းလုပ်ဆောင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
လိုင်ဇာမြို့တွင် အောက်တိုဘာ ၈ ရက်နေ့အထိ ကိုဗစ်ပိုးရှိကြောင်း ရှာဖွေတွေ့ရှိထားသူ ၁၉၃ ဦးရှိပြီး ပြန်လည်သက်သာပျောက်ကင်းသူကတော့ ၇၆ ဦးရှိကာ လက်ရှိတွင် မုန်လိုင်ခက်ကိုဗစ်ကုသရေးစင်တာတွင် ကျန်းမာရေးစောင့်ကြည့် ကုသမှုခံယူနေသူ ၁၁၃ ဦးရှိနေပါတယ်။