ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင်းရှိ ရပ်ကွက်တိုင်းနဲ့ အနီးဝန်းကျင် စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများကို အခြေခံအစားအသောက် ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ဦးဆောင်ပြီး နိုဝင်ဘာ ၉ ရက်နေ့က ဖြန့်ဝေခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု နောက်တဖန် ဖြစ်ပွားလာတဲ့ အခြေအနေကြောင့် လိုင်ဇာမြို့နဲ့ စစ်ဘေးရှောင်စခန်းများကို အသွားအလာကန့်သတ်ထားရှိထားချိန် ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်ကြုံတွေ့လာတာကြောင့် လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးခြောက်၊ ကုလားပဲ၊ ငရုတ်သီး၊ မြေပဲ၊ ဂျင်းစတဲ့ စားသောက်ကုန် (၁၀) မျိုးကို ကူညီထောက်ပံ့ခဲ့ကြောင်း ကိုဗစ်ကော်မတီထံမှ သိရပါတယ်။
“စားသောက်ကုန် ကူညီတဲ့အတွက် ဝမ်းသာမိပါတယ်၊ လော့ဒေါင်းအချိန် စားသောက်ဖို့ ဈေးတွေကလည်းပိတ်ထားတော့ ဈေးရောင်းစားဖို့ကလည်း ဖြစ်နိုင်၊ အိမ်နီးချင်းတွေနဲ့ လဲလှယ်စားသောက်လို့လည်း မရ၊ ဘာစားလို့ စားရမှန်းမသိချိန် အခုလို ကူညီပေးတဲ့အတွက် အင်မတန်ဝမ်းမြောက်မိပါတယ်၊ ကျမတို့ ပြည်သူတွေကလည်း မမျှော်လင့်ထားချိန် အခြေခံစားသောက်ကုန် ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ဝေကြိုင်တွင် နေထိုင်တဲ့ အိမ်ထောင်ရှင်မ ကွမ်ရော် ရွယ်ဆိုင်း ကပြောပါတယ်။
လိုင်ဇာမြို့တွင် ကိုဗစ်ဖြစ်ပွားမှု ဒုတိယအကြိမ် ထပ်မံဖြစ်ပွားလာခြင်းကြောင့် ရပ်ကွက်အလိုက် အသွားအလာကန့်သတ်ခြင်းတွေ၊ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူများက ကုန်ဈေးနှုန်းမြင့်မားမှုတွေနဲ့ ရင်ဆိုင်နေရချိန် ယခုလို အကူအညီရရှိခဲ့ကြတာဖြစ်ပါတယ်။

“လော့ဒေါင်းပြုလုပ်ထားချိန် အပြင်ထွက်ခွာလို့မရဘူး၊ ဖျားနာလာရင်လည်း ဆေးဝယ်ယူသုံးဆောင်ဖို့တောင် ခက်ခဲ့တဲ့အချိန် ကိုဗစ်ကော်မတီအနေနဲ့ ဆေးဝါးကူညီတွေပေးဖို့လည်း မျှော်လင့်နေပါတယ်၊ စားသောက်ကုန်ကူညီတဲ့အတွက်လည်း အတိုင်းမသိ ကျေးဇူးတင်ပါတယ်” လို့ လိုင်ဇာမြို့ ရပ်ကွက် (၁) တွင်နေထိုင်တဲ့ လဖိုင်ယောဘ ကပြောပါတယ်။
ကိုဗစ် ဗဟိုကော်မတီအနေဖြင့် ဝေကြိုင်စစ်ဘေးရှောင်စခန်း၊ ဂျဲယန်စစ်ဘေးရှောင်စခန်း၊ ဖုန်လွမ်ယန်၊ ဆွတ်မူအောင် စစ်ဘေးရှောင်စခန်းများကိုလည်း ဆက်လက်ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်ထိ လိုင်ဇာမြို့တွင် ကိုဗစ်ပိုး ကူးစက်ခံထားရခြင်းကြောင့် ဆေးဝါးကုသမှုခံယူနေတဲ့ လူနာ (၁၅၀၀) ကျော်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့ကလည်း ရပ်ကွက်အတွင်း ကိုဗစ်ပိုးရှိမရှိ နောက်ထပ်တစ်ကြိမ် စစ်ဆေးခြင်း ပြုလုပ်နေတာဖြစ်ပြီး မြို့တော်ကိုတော့ နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး အသွားအလာကန့်သတ်ခဲ့တာဖြစ်ပါတယ်။