ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး မုန်လိုင်ခက်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူတွေထဲက ပိုးရှိမရှိထပ်မံစစ်ဆေးစဉ်မှာတော့ ၁၆ ဦးတွင် ပိုးကင်းစင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူထံမှ သိရပါတယ်။

ကိုဗစ်ပိုးကင်းစင်ကြောင်း စစ်ဆေးအဖြေထွက်သူများကို သီးသန့်ပြန်လည်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်ခံယူကြရမှာဖြစ်ပါတယ်။ လက်ရှိအချိန် မုန်လိုင်ခက်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၄၁ ဦးရှိပြီး သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူ ၅၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။
မိုင်ဂျာယန်မြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ကျန်းမာရေးစောင့်ကြည့်ခံသူ ၅၂၅ ဦးရှိနေကာ မြို့တွင်းရှိ ပြည်သူများကိုလည်း ကိုဗစ်ပိုးရှိမရှိကို စစ်ဆေးပေးနေတာဖြစ်ပါတယ်။
ဆဒုံမြို့မှာတော့ ကိုဗစ်-၁၉ ပိုးရှိသူ ၂၁ ဦးကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေပြီး ထိုဒေသတဝိုက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းရှိလာတာကြောင့် စာသင်ကျောင်း၊ လူစုလူဝေးဖြစ်ပေါ်စေတဲ့အရာများအားလုံးကို ဩဂုတ်လ ၈ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ရပ်ဆိုင်ထားကြောင်း ကြေညာထားပါတယ်။