လိုင်ဇာမြို့တွင်းရှိ စာသင်ကျောင်းများ ကျောင်းအပ်လက်ခံမှုစတင်

လိုင်ဇာမြို့တွင်းရှိ စာသင်ကျောင်းများဟာ ဇွန်လ ၂၄ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံမှုတွေ လုပ်ဆောင်နေပါပြီ။ ဇူလိုင်လဆန်းပိုင်းတွင် စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သွားဖို့ရှိကာ မူလတန်းတွေက တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ၊ အလယ်တန်းများကတော့ အင်္ဂါ၊ ကြာသပတေးနဲ့ စနေ၊ အထက်တန်းက တနင်္လာကနေ စနေနေ့အထိ တက်ရောက်သင်ကြားဖို့ အချိန်များကို သတ်မှတ်ထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖွင့်လှစ်ခြင်းဖြစ်တာကြောင့် ကျောင်းသားတွေ လိုက်နာရမည့်စည်းကမ်းများ၊ မိဘတွေလိုက်နာရမည့်စည်းကမ်းများ၊ ကျောင်းဆရာ ဆရာမများလိုက်နာရန်စည်းကမ်းနဲ့ ကျောင်းကော်မတီများ လိုက်နာရမည့်စည်းကမ်းများကို ချမှတ်ထားပါတယ်။ ကျောင်းခန်းတစ်ခန်းတွင် ကျောင်းသားဦးရေအများဆုံး ၂၀ ယောက်နဲ့ ကျောင်းသားတစ်ဦးနဲ့တစ်ဦး သုံးပေအကွာဖြင့် ထိုင်စေကာ နှာခေါင်းအကာတပ်ဆင်ခြင်း၊ ပစ္စည်းလဲလှယ်အသုံးမပြုစေခြင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းကြိုပို့အတွက် ကျောင်းဝင်းထဲ ဝင်ခွင့်မရှိခြင်း၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာများကို မိဘများအနေဖြင့် ကြပ်မတ်ပေးရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ဦးဆောင်ရန်၊ ကျောင်းသားများ ဖျားနာမှုဖြစ်ပေါ်လာပါက ဆေးရုံ ဆေးခန်းကို လျင်မြန်စွာ ပို့ဆောင်စေရန် စတဲ့သတ်မှတ်ချက်များကို ကျောင်းသားမိဘများက လိုက်တာကျင့်သုံးရန် ထုတ်ပြန်ပေးထားပါတယ်။ “မြန်မာအစိုးရကျောင်းများက မဖွင့်သေးဘူးလို့ သိရတယ်။ ကျတောတို့မှာကတော့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ကျောင်းဖွင့်လိုက်ဖို့က မခက်ခဲဘူး၊ ဖွင့်လှစ်ချိန်မှာ အားလုံးအတူတကွ ကာကွယ်ခြင်း၊ သတိရှိဖို့ မိဘများအနေဖြင့် လိုက်နာပေးရမယ့်အရာတွေတော့ ရှိပါတယ်၊ အားလုံးအထောက်အကူဖြစ်စေပြီး ကျောင်းကိုဆက်တိုက်ဖွင့်လှစ်သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ”  လို့ ဗဟို ပညာရေးဌာန အတွင်းရေးမှူး ဆရာ မရစ်နော်ထွယ်က သူ့အမြင်ကို ပြောပြပါတယ်။ မြန်မာပြည်တွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့ နေရာဒေသနဲ့ ဝေးကွာမှုရှိတဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကျောင်းဖွင့်လှစ်မှု ပုံမှန်လုပ်သွားနိုင်တဲ့နေရာများကတော့ မြောက်ပိုင်းဌာနချုပ်မှာ ကျောင်း (၅၂) ကျောင်း၊ အရှေ့ပိုင်းဌာနချုပ်မှာ ကျောင်း (၂၇) ကျောင်းရှိကာ မြန်မာအစိုးရလက်အောက်ရှိ ကျောင်းဖွင့်လှစ်ခြင်းမရှိသေးတဲ့ ကျောင်းများကတော့ ကေအိုင်အေဌာနချုပ်မှာ ကျောင်း (၃) ကျောင်း၊ အရှေ့မြောက်ပိုင်းဌာနချုပ်မှာ ကျောင်း (၂) ကျောင်း၊ သျှမ်းပြည်မြောက်ပိုင်းမှာ ကျောင်း (၄) ကျောင်းရှိပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေအရ ဖွင့်လှစ်လို့ ရနိုင်သည့်ကျောင်းများစွာ ရှိကြောင်း သိရပါတယ်။

Leave a Reply

*