ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ထပ်မံဖြစ်ပွားလာတာကြောင့် နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး ထပ်မံအသွားအလာကန့်သတ်ခြင်း လော့ဒေါင်းစည်းကမ်းကို ချမှတ်ခဲ့ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ လကုန်ပိုင်းကစတင်ပြီး ရောဂါကူးစက်ခံရသူ တိုးပွားလာခြင်းကြောင့် လိုင်ဇာမြို့တွင် နေထိုင်သူများကို အသွားအလာကန့်သတ်လိုက်ကာ ကျေးရွာ၊ ရပ်ကွက်နဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူအားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းတွေ ထပ်မံလုပ်ဆောင်နေပါတယ်။
လက်ရှိ အသွားအလာကန့်သတ်နယ်မြေများကတော့ လိုင်ဇာမြို့နဲ့ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းများ၊ ကျေးရွာအချို့တွေ ဖြစ်ကြပြီး ကိုဗစ်ပျံ့နှံခြင်းမရှိစေဖို့ စည်းကမ်းများလိုက်နာကျင့်သုံးကြဖို့ ဆော်ဩထားပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ လိုင်ဇာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၇ တိုးလာခြင်းကြောင့် လက်တလော ဆေးဝါးကုသမှုခံယူနေသူ (၉၆) ဦးရှိနေကာ မိုင်ဂျာယန်မြို့မှာတော့ ပိုးတွေ့လူနာ (၆၀၀) ကျော်ရှိနေပါသေးတယ်။