လိုင်ဇာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများကိုသာ လက်ခံတော့မည်

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများပြားလာခြင်းကြောင့် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာလကစတင်ပြီး အရေးပေါ်လူနာများကိုသာ ဦးစားပေး လက်ခံကုသပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

“ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေးနဲ့ အခြားအသေးစားဖျားနာခြင်းတွေကိုတော့ မိမိရပ်ကွက်ဆေးခန်းတွေ၊ စစ်ဘေးရှောင်စခန်းရှိ ဆေးပေးခန်းတွေမှာ ကုသမှုခံယူရမှာပါ၊ ဆေးပေးခန်းတွေ မကုသနိုင်ရင်တော့ သူတို့ထောက်ခံချက်နဲ့အတူ ကိုဗစ်စစ်ဆေးပြီးတော့ ကုသမှုပေးနေပါတယ်” လို့ ဒုတိယဆေးရုံအုပ် ဆရာဝန် မရန်ထွယ်ဂျာ ကပြောပါတယ်။

ဆေးရုံကြီး ပိတ်ပင်ထားခြင်းမဟုတ်ပဲ ကိုဗစ်ပိုးကူးစက်မှု ပိုမိုမပျံ့ပွား လျော့ကျစေဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ အရေးပေါ်လူနာများကိုလည်း အထူးကုခန်းတွင်ထားရှိကာ နမူနာယူစစ်ဆေးပြီး ရလဒ်ပေါ်မူတည်ကာ ကုသမှုပေးနေကြောင်းလည်း သိရပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် အောက်တိုဘာ လကုန်ပိုင်းကစတင်ပြီး ကိုဗစ်ပိုးရှိသူ တိုးများလာရာမှာ လိုင်ဇာပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်း ၅ ဦးတွင်လည်း ပိုးကူးစက်ခံထားရကာ လက်ရှိမှာတော့ မုန်လိုင်ခက်ကိုဗစ်ကုသရေးစင်တာတွင် ဆေးဝါးကုသမှု ခံယူနေပါတယ်။

Leave a Reply

*