လိုင်ဇာတွင် တတိယအကြိမ် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးစဉ် ကိုဗစ်ပိုးရှိသူ ၇ ဦးထပ်မံတွေ့ရှိ

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နေ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါရှိမရှိ တတိယအကြိမ်းစစ်ဆေးနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ ရောဂါပိုးကူးစက်ခံထားရသူ ၇ ဦးထပ်တိုးတွေ့ရှိခဲ့မှု ရှိခဲ့ပါတယ်။

လိုင်ဇာမြို့တွင် နေထိုင်သူများတွင် ကိုဗစ်ပိုးကင်းစင်မှု အတော်အတန်ရှိနေပြီဖြစ်ကာ လက်ရှိပိုးရှိသူများကတော့ ပိုးတွေ့လူနာနဲ့ထိစပ်မှုရှိပြီး ကျန်းမာရေးစောင့်ကြည့်ခံနေသူများဖြစ်ကြောင်းလည်း သိရပါတယ်။

“ကျနော်တို့ ဩဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်သာ လိုင်ဇာတဝိုက်မှာ ရောဂါရှာဖွေစစ်ဆေးတော့ ပြင်ပကလူတွေအားလုံးက ရောဂါပိုးမရှိကြောင်း အဖြေထွက်ပြီး မနေ့ကတွေ့တာကတော့ အရင် ရှနန်ဘော်ဒါက ကိုဗစ်ပိုးရှိသူနဲ့ နီးစပ်ခဲ့ပြီး ကျန်းမာရေးစောင့်ကြည့်ခံနေသူတွေထဲက တွေ့ခဲ့တာပါ” လို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ ဒုတိယခေါင်းဆောင် ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ အနေဖြင့် လိုင်ဇာမြို့ကို ကိုဗစ်ကင်းစင်နယ်မြေအဖြစ် ရည်မှန်ထားတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို သုံးကြိမ်မြောက်စစ်ဆေးတဲ့ အဖြေရလဒ်ပေါ်မူတည်ပြီး အသွားအလာကန့်သတ်ခြင်းများကို ရုပ်သိမ်းပေးမှာဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။

“လော့ဒေါင်းဖြေလျော့မှုတွေကတော့ လုပ်သွားမှာပါ၊ တစ်ခါတည်းအားလုံးကိုတော့ လုပ်မှာမဟုတ်ဘူး၊ တဖြေးဖြေးလုပ်ဆောင်သွားမယ်၊ ကျတော်တို့က ကာကွယ်ရေးနည်းလမ်းနဲ့ပတ်သက်ပြီးတော့ ဩဂုတ် ၂၅ ရက်နေ့ အစည်းအဝေးပြုလုပ်ပြီး ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို ဆက်လုပ်ဆောင်သွားမှာပါ” လို့ သူကဆက်ပြောပါတယ်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၅၃ ဦးရှိနေတာဖြစ်ပြီး သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၆၄ ဦး ရှိနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*