အသွားအလာကန့်သတ်ထားရှိတဲ့ လိုင်ဇာမြို့နဲ့ နယ်စပ်တလျှောက်ရှိ စစ်ဘေးရှေောင်စခန်းများကို ဩဂုတ်လ ၂၆ ရက်နေ့က လော့ဒေါင်းဖြေလျော့ပေးလိုက်ခြင်းရှိပေမယ့် သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းများကို လိုက်နာကြဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ကြေညာထားပါတယ်။

လော့ဒေါင်းဖြည့်လျော့ပေးလိုက်ပေမယ့် လိုအပ်လာတဲ့အချိန် ရောဂါပိုးရှိမရှိစစ်ဆေးခြင်းတွေကို ပြုလုပ်သွားအုံးမှာဖြစ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းများကို တစ်ဦးတစ်ယောက်ချင်းလိုက်နာကျင့်သုံးပြီး နေထိုင်ကြဖို့ လိုက်နာခြင်းရှိမရှိကိုလည်း စစ်ဆေးတာတွေလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
“ကျတော်တို့ လော့ဒေါင်းဖြည်ပေးလိုက်ပေမယ့် မြို့ပြင်ပက လူတွေ ဝင်ရောက်လာဖို့နဲ့ ပြင်ပထွက်ခွာဖို့မဟုတ်ဘူး၊ ကိုဗစ်စည်းကမ်းလိုက်နာမှုရှိမရှိစစ်ဆေးဖို့ ကိုဗစ်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီ၊ ဒီနေ့ကစပြီး လုပ်ငန်းစတင်နေပါပြီ” လို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ ဒုတိယခေါင်းဆောင် ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။
ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်နေချိန် လိုင်ဇာမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှာဖွေတွေ့ရှိတာကြောင့် ဇူလိုင် ၂၈ ရက်နေ့ကစတင်ပြီး လိုင်ဇာမြို့ကို အသွားအလာကန့်သတ်ခြင်း လုပ်ဆောင်ထားတာဖြစ်ပြီး မြို့တွင်းနေထိုင်သူ အားလုံးကို ကိုဗစ်ရောဂါရှိမရှိ သုံးကြိမ်တိုင် စစ်ဆေးပေးခဲ့ကာ ပိုးကူးစက်ခံထားရသူတွေနဲ့ သံသယလူနာများကို သီးသန့်ထားရှိကာ မြို့တော်ကို ရက် ၃၀ စောင့်ကြည့်အပြီး လော့ဒေါင်းဖြေလျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။
မြို့တွင်း အသွားအလာကန့်သတ်ထားခြင်းကို ဖြေလျော့ပေးလိုက်ပေမယ့် ပြင်ပထွက်ခွာခြင်း၊ ပြန်လည်ဝင်ရောက်ခြင်းများကိုတော့ ပိတ်ပင်ထားဆဲဖြစ်ကာ လက်ရှိလိုင်ဇာမြို့တွင် ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၅၈ ဦးရှိကာ သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်နေသူကတော့ ၇၃ ဦး ရှိနေပါတယ်။