လိုင်ဇာတဝိုက် ကိုဗစ်ပိုးရှိသူ ၇၄ ဦးတိုးလာ

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ဝင် လမိုင်ယန်၊ မိုင်ဆပ်ပါနေရာများတွင် ရောဂါပိုးရှိသူများပြားလာခြင်းကြောင်း ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးကြဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

မိုင်ဆပ်ပါနဲ့ လမိုင်ယန်ကျေးရွာဘက် မဖြစ်မနေလိုအပ်ချက်ရှိသူများက လွဲပြီးသွားလာနိုင်ဖို့ ကိုဗစ် ဗဟိုကော်မတီမှ ထောက်ခံချက်ရယူရမှာဖြစ်ပြီး ရပ်ကွက်တွင် ဝင်ရောက်ခြင်းလုံးဝမပြုလုပ်ကာ ကုန်ပစ္စည်းသယ်ဆောင်သူများကလည်း ရောဂါကာကွယ်ရေး ဝတ်စုံနဲ့ နှာခေါင်းစည်းများတပ်ဆင်လို့ စည်းကမ်းသတ်မှတ်ထားပြီး လိုက်နာကျင့်သုံးရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ လိုင်ဇာဒေသတွင် ကိုဗစ်ပိုးရှိခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်ခြင်းခံနေသူ လူနာ ၇၄ ဦးရှိနေပြီး နမူနာယူစစ်ဆေးနေဆဲကတော့ ၄၂ ရှိကာ ကျန်းမာရေးစောင့်ကြည့်ခံနေကြပါတယ်။

မိုင်ဆပ်ပါ ကုန်သွယ်ရေးနေရာမှာတော့ ကုန်ကားများရှိ ကုန်ပစ္စည်းရွေ့ပြောင်းခြင်းကို လိုင်ဇာဘက်အခြမ်းမှ မနက်ပိုင်းတွင်လုပ်ဆောင်ဖို့ ခွင့်ပြုထားပြီး မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်မှ ကုန်ပစ္စည်းများကိုတော့ ညနေပိုင်း လုပ်ဆောင်ကြဖို့ ခွင့်ပြုထားပါတယ်။

ကေအိုင်အိုအစိုးရကနေကြီးမှူးပြီး အရှေ့ပိုင်းဒေသ၊ ဗန်းမော်ဒေသ၊ အူလန်းပါဒေသ၊ ရွှေကူဒေသတွင်းရှိ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါပိုးရှိမရှိစစ်ဆေးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး ဒေသတွင်း ဝင်ထွက်သွားလာခြင်းများကိုလည်း ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

အရှေ့ပိုင်းဒေသထဲမှာတော့ ကိုဗစ်ဓာတ်ခွဲစက်ဖြင့် ရောဂါပိုးတွေ့ရှိထားပြီး ကျန်းမာရေးကုသမှုခံယူနေသူ ၁၁၆ ဦးရှိနေပြီး သံသယလူနာအဖြစ် စောင့်ကြည့်ခံသူကတော့ ၂၄ ဦးရှိနေပါတယ်။

Leave a Reply

*