လဝါးကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကျေးရွာတစ်ခုဖြစ်တဲ့ လဝါးကျေးရွာအနီး လဂေါင်ကျေးရွာထိပ်တွင် ယမန်နေ့ ဧပြီ ၄ ရက် ညနေ ၁ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၂၀) ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒွမ်ဘန်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၈)တပ်မှ​ ထွက်ခွာလာတဲ့ အင်အား ၆၀ ပါ ခလရ (၂၃၈) တပ် စစ်ကြောင်းက ကားမိုင်းလမ်းဘက်ကနေ လီဒိုလမ်းဘက် လှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရပါတယ်။

တနိုင်း-လီဒိုလမ်းပိုင်းဘက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုတွေ၊ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေ အမြဲလိုလိုပြုလုပ်လာခြင်းကြောင့် အဆိုပါဒေသတဝိုက် တိုက်ပွဲမကြာခဏဖြစ်ပွားနေတာဖြစ်ပြီး မတ်လ ၂၄ ရက်နေ့တုန်းကလည်း တစ်ကြိမ် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ရှိခဲ့ပါသေးတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းများဖြင့် ရိက္ခာဖြည့်တင်းမှုတွေ ပြုလုပ်လာခြင်းကြောင့် ကေအိုင်အိုဌာနချုပ်အနီး စစ်ရေးတင်းမာမှုတွေ အနည်းငယ်ရှိခဲ့သလို ကချင်-စစ်ကိုင်းနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေက မကြာခဏဆိုသလို ဖြစ်ပေါ်နေလေ့ရှိပါတယ်။

Leave a Reply

*