လဝါးကျေးရွာအနီး စစ်ကောင်စီတပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ ထွက်ခွာလာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၅ ရက် မနက် ၇ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၂၀ မှ လဝါးကျေးရွာအနီး ဒွမ်ဘုန်းချောင်းနဲ့ ဆိုင်းလိန်ချောင်းဆုံတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် လီဒိုလမ်းမအတိုင်း ဒွမ်းဘုန်းကျေးရွာဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိုအချိန် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်နေခဲ့ပါတယ်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေပိုင်း ၁ နာရီမှာတော့ လဝါနာယန်ပါတွင် ရောက်ရှိခဲ့ကာ ဂွမ်ဒီဘက် လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ကာ လက်နက်ကြီးကျည် ကျေးရွာအနောက်ဘက် ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်မှုတော့မရှိပေမယ့် ဒေသခံပြည်သူများက စိုးရိမ်နေကြရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း ၁၁ အခြေစိုက်တဲ့ မိုးကောင်းမြို့နယ် နမ္မတီးမြို့နဲ့ လဝါးကျေးရွာကြားစစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ တပ်ရင်း ၁၁ မှ မိုင်းဆွဲတိုက်ခိုက်မှု ရှိခဲ့ပါသေးတယ်။

တနိုင်း-လီဒိုလမ်းတစ်လျှောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုကို စစ်ယာဉ်တန်းအပြင် ခြေလျင်ဖြင့်ပါ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

Leave a Reply

*