လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပန်နန်ဒင်ဒေသ ကိုဗစ်-၁၉ ရောဂါရောက်လာမည်ကို စိုးကြောက်နေရ

ပန်နန်ဒင်ဒေသက ပူတာအိုမြို့နဲ့ အလှမ်းဝေးသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့ဒေသဖြစ်တာကြောင့် လက်ရှိဖြစ်ပွားမှုမြန်ဆန်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေကြရပါတယ်။

ဒေသအဝင်အထွက် စစ်ဆေးမှုတွေပြုလုပ်ပြီး အခြားဒေသမှ လာရောက်သူများကို စစ်ဆေးမှုတွေ လုပ်ဆောင်ပေမယ့် လက်ရှိဒေသတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတာကြောင့် ကိုဗစ်-၁၉ ရောဂါကိုလည်း သတိထားစောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

“အခြားဒေသကို ခရီးသွားထားသူတွေကို စောင့်ကြည့်မှုတွေလုပ်ဆောင်တာတော့ရှိတယ်၊ ကိုဗစ်-၁၉ ရောဂါပြန့်ပွားလာရင် ကျတော်တို့ဒေသမှာ ဆေးခန်းမရှိတာကြောင့် ဆေးကုသဖို့မဖြစ်နိုင်ဘူး ကြိုတင်ကာကွယ်သောအနေဖြင့် ပိတ်ပင်တာတွေလုပ်တယ်၊ ဒေသမှာ ကျန်းမာရေးစောင့်ကြည့်စင်တာတွေလည်းမရှိဘူး၊ ရောဂါလက္ခဏာကဘယ်လိုလဲဆိုတာတောင် မသိပါဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ပန်နန်ဒေသခံများက ဒေသတွင်းရှာဖွေစားသောက်ဖို့ ခက်ခဲလာခြင်းကြောင့် အခြားဒေသများဆီသွားရောက် အလုပ်လုပ်ကိုင်မှုတွေပြုကြသလို တရုတ်နယ်စပ်လည်း ပိတ်ထားခြင်းကြောင့် စားဝတ်နေရေးအခက်ကြုံနေရကာ လွန်ခဲ့သော ဧပြီလကတည်းက ဝမ်းပျက်ဝမ်းလျှောမှုတွေဖြစ်ပွားခြင်းကြောင့် လက်ရှိအချိန်ထိ ၁၁ ဦးသေဆုံးမှုရှိနေပါတယ်။

ယခုလိုဖြစ်ပျက်မှုတွေရှိခြင်းကို အစိုးရကို စာပေးပို့ခဲ့ပေမယ့် အရေးတယူ ကျန်းမာရေးဆိုင်ရာလုပ်ဆောင်ပေးမှုတွေ မရှိသေးဘူးလို့ ဒေသခံများကပြောဆိုကြပါတယ်။

ပန်နန်ဒင်ဒေသတွင် ကျေးရွာ ၁၇ ရွာရှိတာဖြစ်ပြီး ပူတာအိုမြို့ကနေ တစ်ပတ်နီးပါးလမ်းလျှောက်သွားလာရတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

Leave a Reply

*