နမ္မတီးမြို့၊ လမ်းခွကျေးရွာရှိ ကေဘီစီ စစ်ဘေးရှောင်စခန်းတွင် ကူညီထောက်ပံ့မှုများ ရောက်ရှိမှုနည်းပါးတာကြောင့် စခန်းတွင်း အစားအသောက် လိုအပ်ချက်တွေ ရှိနေကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုအပေါ်မူတည်ပြီး စစ်ရှောင်စခန်းကို အသွားအလာကန့်သတ်ထားတာ အချိန်ကာလ ၂ လကြာမြင့်လာပြီဖြစ်ပြီး လူမှုကူညီရေးအဖွဲ့များထံမှ အကူအညီများလည်း မရရှိတော့တာကြောင့် ဘက်ပေါင်းစုံမှ အခက်တွေ့နေရပြီဖြစ်ကြောင်း သိရပါတယ်။
“ကျတော်တို့ စစ်ဘေးရှောင်ပြည်သူတွေ ဒီနှစ်ကတော့ အင်မတန်ခက်ခဲလာပါတယ်၊ လော့ဒေါင်းသတ်မှတ်ထားတာ ၂ လလောက်ရှိလာပြီ အပြင်ထွက်ခွင့်မပြုပေမယ့် ထွက်တဲ့သူတွေ ၂, ၃ ဦးရှိတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ များလာတော့ အသွားအလာကန့်သတ်ထားဆဲဖြစ်တယ် အကူအညီတွေကလည်း အခုတလောရောက်ရှိခြင်းလည်းမရှိတော့ စခန်းမှာ ပိုမိုကြပ်တည်းမှုဖြစ်ပြီး ဆားတောင်စားနိုင်ဖို့ မတတ်နိုင်တော့ဘူး” လို့ စခန်းတာဝန်ရှိသူကပြောပါတယ်။
လမ်းခွ KBC စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၁၁၁ စုရှိပြီး လူဦးရေအားဖြင့် ၅၆၅ ဦး နေထိုင်ကာ စခန်းတွင်း လက်တလောတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၇ ဦးရှိနေပြီး အသွားအလာကန့်သတ်ထားရှိခြင်းကို ရက်တိုးသတ်မှတ်ထားကြောင်း သိရပါတယ်။
နမ္မတီးဒေသမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀၀ ဝန်းကျင်ရှိနေပြီး ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူကတော့ ၁၈၀ နီးပါးရှိနေကြောင်း သိရပါတယ်။