ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် လနာ့ဇွပ်ဂျာ အသွားအလာစောင့်ကြည့်ရေးနေရာတွင် ကျန်းမာရေးစောင့်ကြည့်ခံသူများပြားလာတာကြောင့် လက်ရှိမှာ အရေးတကြီးအကူအညီတွေ လိုအပ်နေပြီလို့ တာဝန်ရှိသူတွေထံမှ သိရပါတယ်။ လနာ့ဇွပ်ဂျာ အသွားအလာစောင့်ကြည့်ရေးနေရာတွင် အယောက် ၆၀ ကျန်းမာရေးစောင့်ကြည့်ခံနေကြကာ ယခင်က NGO အဖွဲ့အစည်းတွေ ကူညီနေတာဖြစ်ပေမယ့် စောင့်ကြည့်ရေးကာလ ကြာမြင့်လာရုံမက လွယ်ဂျယ်လမ်းပိုင်းမှာလည်း ကန့်သတ်ပိတ်ဆို့တဲ့ စည်းကမ်းတွေ ပြန်လည်ချမှတ်ထားတာကြောင့် တစ်နေ့တစ်နေ့ ကျန်းမာရေးစောင့်ကြည့်ခံသူများပြားလာနိုင်ကာ အကူအညီပေးသူတွေရှိပေမယ့် ခရီးသွားလာရေးအခက်အခဲရှိလာသလို အစားအသောက်ရရှိဖို့လည်း ခက်ခဲမှုတွေရှိလာခဲ့ပါတယ်။ အသွားအလာစောင့်ကြည့်ရေးနေရာ စတင်ဖွင့်လှစ်ချိန်တွင် ခရီးမှပြန်လာတဲ့ ဒေသခံများကို ကျန်းမာရေးစောင့်ကြည့်ခံဖို့ တစ်ယောက်ကို တရုတ်ယွမ်ငွေ ၃၀ ကောက်ခံပေမယ့် အချို့ငွေကြေးခက်ခဲသူတွေ ပိုမိုများပြားလာကာ ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိလာတာကြောင့် ငွေကြေးကောက်ခံမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက အင်ဘားချောင်းတဝိုက်က မိုးကာဖြင့်လုပ်ဆောင်ထားတဲ့ အဆောင်တွေ လေပြင်းတိုက်ခိုက် မိုးများမှုကြောင့် အမိုးအကာတွေပျက်စီးသွားကာ ကျန်းမာရေးစောင့်ကြည့်ခံသူတွေ အတိဒုက္ခရောက်ခဲ့ကြရသလို လုံခြုံမှုမရှိတာကြောင့် ဆွတ်မဒန်တည်းခိုရပ်သာမှာ စောင့်ကြည့်ခြင်းပြန်လည်လုပ်ဆောင်ခဲ့ကာ စောင့်ကြည့်ရေးနေရာကို ပြင်ဆင်ပြီး စောင့်ကြည့်ခံသူများကို ဆက်လက်ထားရှိခဲ့ပါတယ်။