လနာ့ဇွပ်ဂျာစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးခက်ခဲမှုရှိနေ

လုံခြုံရေးအရစိုးရိမ်ဖွယ်ရှိနေသေးတာကြောင့် လနာ့ဇွပ်စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် မဝံ့မရဲဖြစ်နေရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

JST အဖွဲ့အနေဖြင့် နေရပ်ပြန်နိုင်ရေးအတွက် လာရောက်တွေ့ဆုံပြောဆိုမှုတွေရှိပေမယ့် လနာ့ဇွပ်ဂျာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် လုံခြုံမှုမရှိသေးတာကြောင့် ဖြစ်သလို နေရပ်ပြန်မည့်သူများအတွက် နေအိမ်တည်ဆောက်ပေးဖို့ စီစဉ်ထားမှုတွင် ကျေးရွာ (၁၇) မပါဝင်သေးတာကြောင့် မိမိနေရပ်ကိုပြန်ချင်ပေမယ့် လက်ရှိအခြေအနေအရ ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အချိန်ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်း ဒုတိယအတွင်းရေးမှူးဖြစ်တဲ့ ဦးမရန်ဂမ်အောင်ကပြောပါတယ်။

“ကျတော်တို့လနာ့ဇွပ်ဂျာကနေပြီးတော့ နေရပ်ပြန်ဖို့ ဆန္ဒမရှိသေးသလို ကိုယ့်တစ်ဦးတစ်ယောက်တည်းပြန်ဖို့ကလည်း စိုးရိမ်ဖွယ်ရှိတယ် ကျေးရွာမှာ မိုင်းထောင်ထားတာတွေလည်း ရှိနေသေးတယ်” လို့ပြောပါတယ်။

လက်ရှိအချိန်တွင် လနာ့ဇွပ်ဂျာစစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်များကလည်း ပျက်စီးပြီး နေထိုင်မသင့်တော့တဲ့အခြေအနေဖြစ်နေသလို မြန်မာစစ်တပ်ကလည်း နေရာယူနေသေးတာကြောင့် သက်ဆိုင်ရာအစိုးရအနေဖြင့် တိုင်ပင်ဆွေးနွေးပြီးမှသာ မိမိနေရပ်ပြန်သွားရောက်နေထိုင်ချင်တယ်လို့ ပြောဆိုကြပါတယ်။

လနာ့ဇွပ်ဂျာစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေသူများက အူလန်ပါဒေသ ကိုင်ထိပ်ကျေးရွာကနေ ၂၀၁၁ ခုနှစ်တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး အိမ်ထောင်စု (၅၀၀) ကျော် ခိုလုံနေကြရတာဖြစ်ပါတယ်။

Leave a Reply

*