ဆော့လော်မြို့နယ် ကျီးရှင်ကျေးရွာအနီး အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်ကို ကေအိုင်အေတပ်မဟာ (၇) တပ်ရင်း (၄၆) မှ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိတဲ့ယာဉ်က အိမ်စီးကားအဖြူဖြစ်ပြီး အဆိုပါကားက ဝိုင်းမော် စစ်ကောင်စီတပ် ခလရ (၅၈) တပ်မှ တပ်သား (၄) ဦးစီးနင်လာကာ လက်နက်ခဲယမ်းများလည်း တင်ဆောင်လာပြီး ကေအိုင်အေတပ်မှ နယ်မြေလုံခြုံရေးလုပ်ဆောင်နေစဉ် ထိပ်တိုက်တွေ့ဆုံခဲ့ကြရတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရာ ထွက်ပြေးမှု ပြုလုပ်တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၃ ဦးသေဆုံးသွားကာ တစ်ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ဖမ်းဆီးရရှိတဲ့ ယာဉ်ကိုတော့ မီးရှို့ဖျက်ဆီးလိုက်ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့တုန်းကလည်း ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကားလမ်းပိုင်း ဆနီခူးကျေးရွာအထက်တွင်လည်း KIA, KPDF ပူးပေါင်းတပ်မှ နယ်မြေလုံခြုံရေးလုပ်ဆောင်နေစဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ပန်ဝါဘက်မှ မောင်းနှင်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဘိန်းဖြူခွက် (၆၆) ခွက်အပြင် လက်နက်အချို့နဲ့ ဖမ်းဆီးရရှိခဲ့မှု ရှိခဲ့ပါတယ်။