ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းခရိုင်၊ ပင်ဝေကျေးရွာနဲ့ မော်လူးကျေးရွာအကြား ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ ခဲယမ်းများတင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ယာဉ် (၃၃) စီးဖြင့် လက်နက်ခဲယမ်းများ၊ စစ်အင်အားနဲ့ ရိက္ခာများကို သယ်ဆောင်လာစဉ် ကေအိုင်အေဘက်မှ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ၂ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ အရေအတွက် အတိအကျကိုတော့ မသိရှိရသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ယခုလို စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း ကေအိုင်အေ တပ်မဟာ (၈)နယ်မြေ ပါပေါင်းကျေးရွာအနီးတွင် ကေအိုင်အေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားအပြီး စစ်ကောင်စီတပ်က ကျေးရွာဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က ကချင်ပြည်နယ်တဝှမ်း စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေကို ပြုလုပ်နေပြီး အချို့ဒေသများမှာတော့ စစ်ရေးလှုပ်ရှားမှုတွေလည်း ရှိနေတာကြောင့် နေ့တိုင်းလိုလိုတွင် တိုက်ပွဲများ ရှိနေပါတယ်။