ရှိန်ဂတ်ဘွမ် စစ်ကောင်စီတပ်စခန်းအတွက် စစ်ကူလာတဲ့ စစ်ကြောင်းကို KIA, PDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်

ပူတာအိုမြို့နယ် လုံရှားယန်နဲ့ တန်ဂျာကျေးရွာအကြား ယနေ့ ဖေဖောဝါရီ ၂၂ ရက်နေ့ မနက် ၆ နာရီခန့်တွင် မြန်မာအကြမ်းဖက် စစ်ကောင်စီတပ်နဲ့  KIA, PDF ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ခြေလျင်စစ်ကြောင်းဖြင့် ပူတာအိုကနေ စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို လုံရှားယန်ဘက်ခြမ်း ကူးလာစဉ် KIA, PDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလန်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ​ ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် မနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ရှိန်ဂတ်ဘွမ်တဝိုက် မိုင်းကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်လာခြင်းကြောင့် လုံရှားယန်နဲ့ တန်ဂျာကျေးရွာ ဒေသခံများက စိုးရိမ်ဖွယ်အခြေအနေဖြစ်လာခြင်းကြောင့် လက်တလောတွင် တောတောင်ဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ အဆိုပါဒေသတဝိုက်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ကြား နှစ်ဖက် တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်နေတာဖြစ်ပြီး ရှိန်ဂတ်ဘွမ်တွင်လည်း ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းပစ်ကူ ရယူတဲ့အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

Leave a Reply

*