ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ရှအစ်ယန်စစ်ရှောင်စခန်းတွင် မတ်လ ၁၃ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်တစ်လုံး ပါဝင်သွားကြောင်း စခန်းတာဝန်ခံထံမှ သိရပါတယ်။
စစ်ရှောင်စခန်း အပိုင်း ၁ ရှိ စစ်ရှောင်မိသားစု လဖိုင်ဂျာနော် တို့နေအိမ် မီးလောင်ကျွမ်းသွားခြင်းဖြစ်ကာ လျှပ်စစ်ရေနွေးအိုးကနေ တဆင့် ဝိုင်ယာရှော့ဖြစ်ကာ စားဖိုခန်းကအစ မီးလောင်သွားခဲ့ရတာဖြစ်ပါတယ်။
“အိမ်သူအိမ်သားတွေ တစ်ယောက်မှ မရှိတဲ့အချိန် လောင်သွားတာပါ၊ ဇနီးက ကလေးမွေးဖွားပြီး ဆေးရုံမှာ ရှိနေတာ၊ အဘွားကလည်း ဆေးရုံဘက် ထမင်းသွားပို့နေစဉ်မှာပဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာကနေ စတင်ခဲ့တဲ့သဘောဖြစ်ပါတယ်” လို့ ရှအစ်ယန်စစ်ရှောင်စခန်း တာဝန်ခံ ဇော်ရှန် ကပြောပါတယ်။
နေအိမ် မီးလောင်ကျွမ်းသွားခြင်း ခံလိုက်ရတဲ့ မိသားစုတွင် အိမ်သူအိမ်သား ၉ ဦးရှိတာဖြစ်ပြီး နေအိမ်တွင် တစ်ဦးတစ်ယောက်မျှ မရှိစဉ် ဖြစ်ပွားခဲ့တာကြောင့် အိမ်တွင်းပစ္စည်းများ အားလုံး ဆုံးရှုံသွားခဲ့ရပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်စခန်းတာဝန်ရှိသူများမှ နေရာထိုင်ခင်းစီစဉ်ပေးနေကာ စားဝတ်နေရေးနဲ့ အိမ်တွင်းမရှိမဖြစ် ပစ္စည်းများကိုလည်း တတ်နိုင်တဲ့အနေအထားကနေ ကူညီထောက်ပံ့ထားကြောင်း သိရပါတယ်။