ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ရှအစ်ယန်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြတဲ့ ဂါးရာယန်ကျေးရွာရှိ အိမ်ထောင်စုအချို့ မိမိနေရပ်ဒေသဘက် ပြန်လည်နေထိုင်ရေး ပြုလုပ်နေပြီဖြစ်ကြောင်း စခန်းကော်မတီထံမှ သိရပါတယ်။
မိမိနေရပ်ဖြစ်တဲ့ ဂါးရာယန်ကျေးရွာကို ပြန်လည်အခြေချဖို့ အမည်စာရင်းသွင်းထားသူ အိမ်ထောင်စု ၉၃ စုရှိတာဖြစ်ပြီး ကေအိုင်အို စစ်ဘေးရှောင်ကူညီရေးရုံးဘက်ကို စာပေးဖို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။
“အလုံးစုံသွားရောက်နေထိုင်နိုင်ပြီလို့တော့ ပြောမထားသေးဘူး၊ နိုင်ငံရေးကလည်း မတည်မငြိမ်ဖြစ်နေတာကြောင့် ကျတော်တို့အနေနဲ့ ကူညီရေးရုံးဘက် စာပေးပို့ထားပါတယ်” လို့ ရှအစ်ယန်စစ်ဘေးရှောင်စခန်း တာဝန်ခံ ကျင်းယူဇော်ရှန် ကပြောပါတယ်။
လက်တလောမှာတော့ အိမ်ထောင်စု တစ်ခုမှ တစ်ဦးတည်းသာ နေရပ်ပြန်ပြီး မိမိနေအိမ် သန့်ရှင်းရေး၊ ခြုံနွယ်ရှင်းလင်းရေးများကို လုပ်ဆောင်နေကြောင်း စခန်းတာဝန်ရှိသူကပြောပါတယ်။
“အကုန်လုံးကတော့ မပြန်ကြသေးဘူး၊ အသက်ကြီးသူတွေကတော့ စစ်ဘေးရှာင်စခန်းမှာ နေကြအုံးမှာပါ၊ အခုပြန်တဲ့သူတွေက အိမ်ထောင်စုတစ်စုက အလုပ်လုပ်နိုင်တဲ့သူတွေပေါ့ အများဆုံး ၂ ဦးပြန်ပြီးတော့ နေအိမ်သန့်ရှင်းရေး လုပ်ဆောင်နေကြပါတယ်” လို့ သူကပြောပါတယ်။
ကချင်တကျော့ပြန် တိုက်ပွဲများကြောင့် နေရာဒေသအသီးသီးဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဂါးရာယန်ဒေသခံများက မိမိနေရပ်ပြန်နိုင်ဖို့ ဇန်နဝါရီ ၁၆ ရက်နေ့က ဂါးရာယန်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ဆုတောင်းခံကာ ကျေးရွာပြန်လည်ထူထောင်ရေးကို အစပြုခဲ့ကြတာ ဖြစ်ပါတယ်။