ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ရေပူစမ်းအနီး ဆိုင်းဟော်မ်တောင်တွင် အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲတွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ခလရ ၆၉နဲ့ ၂၉၀ တပ်ဖွဲ့ကလို့ ယူဆရတဲ့ စစ်အင်အား ၂၀၀ ရှိတဲ့ စစ်ကြောင်းက မန်ကောင်တောင်ဘက်ကနေ ဒန်နိုင်ဘက် ဆင်းလာစဉ် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မုန်မစ်ဆင်လီဒေသတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း ဒီမာအနီး မန်ကောင်တောင်တဝိုက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၈ တပ်ရင်း ၅ ရွှေကူမြို့နယ် မန်လွယ်ကျေးရွာအနီးတွင် အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် မြစ်ကြီးနားလေတပ်မှ စစ်ကောင်စီ ဂျက်လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း သိရပါတယ်။