ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ မုံးပေါ်ဒေသ ဟိုဝါ နမ့်ခေါင်းဘွမ်တဝိုက် ယနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီခန့်တွင် အကြမ်းဖက် အာဏာရှင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီခွဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၀၅ လို့မှန်းဆရတဲ့တပ်က ဟိုဝမ်အောင်တဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေစဉ် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိနေကာ ခမရ ၅၇၄ တပ်က အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့် လရှပ်ကျေးရွာဘက် ဝင်ရောက်လာပြီး ဒေသခံပြည်သူများကို စစ်ဆေးမှုတွေ ပြင်းထန်စွာ လုပ်ဆောင်နေကြောင်း သတင်းရရှိထားပါတယ်။
ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်တွင်လည်း အောက်တိုဘာ ၂၂ ရက်နေ့ ကစတင်ပြီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်တပ်ကြား နေ့စဉ် တိုက်ပွဲဖြစ်ပါားနေတာဖြစ်ပြီး အာဏာရှင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
ထို့အပြင် ယနေ့ နေ့လည် ၁၂ နာရီခန့်မှာတော့ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ ခမရ ၁၁၉ တပ်မှ မမ-၈၁ လို့ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ၃ ကြိမ်တိုက် လုံမရန်ဘွမ်ဘက် ပစ်ခတ်နေပြီး ဖားကန့်တပ်စခန်းကနေလည်း မမ-၁၂၀ လက်နက်ကြီးဖြင့် ၄ ကြိမ်တိုင် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။