ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု Bum Sum Shi တောင်အနီးတွင် ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က Bum Sum Shi တောင်ဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ကွတ်ခိုင်တပ်စခန်းကနေ နေ့လည် ၁၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ကူတတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။
ထိုအပြင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေ ယုန်ငေါ့တွင် မနက် ၁၀ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်ထိ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ရှိနေခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စက်တင်ဘာလအစကနေ စတင်ပြီး ကေအိုင်အေတပ်နဲ့ နေ့စဉ်နေ့တိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
ယမန်နေ့ တွင်လည်း ချီဖွေဒေသ ဆနီခူးကျေးရွာအနီးတွင် စစ်လက်နက်ခဲယမ်းများနဲ့ ရိက္ခာများသယ်ဆယ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်လမ်းကြောင်း ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။