ရှမ်းပြည်နယ် ကချင်စာပေယဉ်ကျေးမှုဌာနချုပ်မှ လူငယ်များဦးဆောင်၍ ကချင်လူငယ်များကို ဝါးဖြင့် အသုံးဆောင်ပစ္စည်းများ ပြုလုပ်တဲ့ လက်မှုသင်တန်းကို အခမဲ့သင်ကြားပေးနေပါတယ်။

ကချင်လူငယ်များ မိမိနေရပ်ဒေသအတွင်းရှိ ဝါးများကို တန်ဖိုးထားတတ်စေရန်၊ ဝါးဖြင့်လက်မှုပညာအမျိုးမျိုးပြုလုပ်ပြီး အလုပ်အကိုင်ဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီးသင်ကြားပေးနေပါတယ်။
” လူငယ်တွေပိုပြီးတော့ ဝါးပင်များကို တန်ဖိုးထားတတ်ပြီး ဝင်ငွေတိုးစေဖို့ရည်ရွယ်ပါတယ်၊ ဝါးပင်တွေကို အလကားခုပ်ပြီး ရောင်းစားမဲ့အစား အသုံးအဆောင်ပစ္စည်းတွေထုတ်လုပ်တာက ပိုကောင်းတယ်လေ၊ အလုပ်မရှိ လျှောက်သွားနေတဲ့ လူငယ်တွေလဲ အလုပ်ရနိုင်ဖို့အခွင့်အရေးဖြစ်ပါတယ်” လို့ လက်မှုပညာလက်တွေ့သင်ကြားပေးနေသူ ဆရာ အရှန်ဇောင် ကပြောပါတယ်။
ဒီဝါးလက်မှုပညာသင်ကြားမှုမှာ ဝါးအမျိုးမျိုးဖြင့် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော ဇွန်း၊ ယောင်းမနှင့် တခြားသော လက်မှုထည်များ ပြုလုပ်ခြင်းကို သင်ကြားပေးပြီး၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သင်ကြားပေးနေကာ ကချင်လူငယ် ၂၈ ယောက် လာရောက်သင်ကြားခံယူနေပါတယ်။