ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဖက်ကာမြို့နယ် မန်ပြောင်ဘွမ်နဲ့ ကောင်လင်ဘွမ်အကြား ဇူလိုင် ၄ ရက်နေ့ မနက် ၈နာရီခန့်တွင် အာဏာသိမ်းစစ်တပ် တပ်မ ၉၉ တပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

“စစ်ကောင်စီ တပ်မ (၉၉) အဖွဲ့က စစ်အင်အား (၁၀၀) ဝန်းကျင်နဲ့ မှန်လုံဘွမ်ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာပါ” လို့ ရှေ့တန်းစခန်းက ပြောပါတယ်။
ထိုအာဏာသိမ်းစစ်တပ်အဖွဲ့က နမ့်ဖလွန်ကျေးရွာဘက်ကနေ ရှုခင်းသာ မန်ပြောင်ဘွမ်ဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေမှ ကြားဖြတ်တိုက်ခိုက်ခဲ့အပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ကွတ်ခိုင် ဗျူဟာကုန်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူတာတွေ ပြုလုပ်ခဲ့ပါတယ်။
ယနေ့ည ၅ နာရီခွဲခန့်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံကိုး-ဖောင်ဆိုင်းဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၅၄၇) တပ်နဲ့ ကိုးကန့် (MNDAA) နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အပြင် အခြားသော တိုင်းရင်းသားတပ်မတော်များဖြင့် နေ့စဉ်နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲတွေက ရှိနေမြဲရှိနေဆဲပဲ ဖြစ်ပါတယ်။