ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိနေ

ဖေဖော်ဝါရီလ ၁၄ ရက်နေ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ စိုင်းဝမ်ကုန်းတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

နဖိုင်ကျေးရွာဘက်ကနေ ခြေလျင်စစ်ကြောင်းထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ နေ့လည်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဆက်လက်စစ်ကြောင်းထိုးလာခြင်းကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်ရင်း ၉ နယ်မြေ တဝိုက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ယွန်ဘန်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ပါ တပ်မ ၉၉ အဖွဲ့နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့မှုလည်း ရှိခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး ညနေ ၆ နာရီခန့်မှာတော့ ကောင်ရာအကြမ်းဖက် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးများဖြင့် ကောင်းဆက်တောင်ဘက် ရမ်းသမ်းပစ်ခတ်နေခဲ့ပါတယ်။

ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေများတွင် ဖေဖော်ဝါရီ ၉ ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ်ယာဉ်များဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေကလည်း နေ့စဉ်နေ့တိုင်းလိုလို ရှိနေပါတယ်။

Leave a Reply

*