ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီး ကုသရေးစင်တာများတွင်လည်း လူနာများ ပြန်လည်ကောင်းမွန်လာကြောင်း သိရှိရပါတယ်။

နယ်စပ်အနီးရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စတဲ့ မြို့များနဲ့ ကျေးရွာများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံ့ပေးမှုများကို ဩဂုတ်နဲ့ စက်တင်ဘာလများတွင် ပြုလုပ်ပေးခဲ့ကာ ကုသရေးစင်တာများတွင်လည်း လူနာများ ပြန်လည်ကောင်းမွန်လာမှုတွေ ရှိကြောင်း သိရပါတယ်။
မြို့နေ လူထုကြား ကူးစက်မှုနည်းလာပြီး ကျေးရွာဘက်မှာတော့ ကူးစက်မှုများနေတယ်လို့ ထင်ရသော်လည်း ရွာများတွင် မြို့ဘက်ထက် ပိုးကူးစပ်မှုလျော့နည်းလာတယ်လို့ မူဆယ်မြို့ရှိ ပရဟိတအသင်းတစ်သင်းမှ လူငယ်တစ်ဦးက ပြောပါတယ်။
ထို့အပြင် ကွတ်ခိုင်၊ ကောင်းခါး၊ သိန္နီမြို့များတွင်လည်း ကူးစက်ခံရသော လူနာများ ရှိသေးသော်လည်း ယခင်ကထက် ကူးစပ်ခံရမှုနှုန်း လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။
ကောင်းခါးမြို့ခံပြည်သူ တစ်ဦးကတော့ “ တလောကတော့ ကူးစက်ခံရတယ် ပိုးတွေ့လူနာ တွေ့တယ် ဆိုတဲ့ သတင်းတွေ ခနခနကြားရပေမဲ့ အခုနောက်ပိုင်း မကြားရတော့ဘူး။ လမ်းတွေလဲ ပြန်ဖွင့်ပြီဆိုတော့ တော်တော် သက်သာလာတဲ့ အခြေနေမျိုးပေါ့” ဟု ပြောပါတယ်။
ယခုအခါ မြို့နယ်တိုင်းရှိ ကုသရေးစင်တာများမှ လူနာများမှာ ပြန်လည်ကောင်းမွန်လာသဖြင့် အိမ်ပြန်သွားကြသည်က ပို၍များလာပြီး မူဆယ် ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းအတွင်းရှိတဲ့ ကုသရေးစင်တာမှ လူနာ ၈ဦး အနက် ၆ဦး ပြန်လည်ကောင်းမွန်လာပြီး အိမ်ပြန်သွားကြပြီ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
မြန်မာနိုင်ငံတဝှမ်း ကိုဗစ် တတိယလှိုင်းကို စစ်တပ်အာဏာသိမ်းထားမှုကြားထဲက အလူးအလဲခံစားခဲ့ရပြီး ဆေးဝါးကုသပေးမှု ကောင်းမွန်စွာမရရှိခဲ့ဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြည်သူအချင်းချင်း ကူညီကာ ကျော်လွှားခဲ့ကြတာဖြစ်ကြောင်း အများစုက မှတ်ချက်ပြုကြပါတယ်။