ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။
ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာ၊ ယုဇနစက်ရုံဝင်းနောက်ဘက်လမ်းတွင် ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် အမျိုးသမီး ၂ မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး အသက်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
မြေမြုပ်မိုင်းနင်းမိသူများက ရှဒူးဇွပ်ကျေးရွာ ရပ်ကွက် ၂ တွင် နေထိုင်တဲ့ အမေဖြစ်သူ အသက် ၅၃ နှစ်အရွယ်နဲ့ သမီး ၁၉ နှစ်အရွယ် တို့ဖြစ်ကြကာ သားအမိနှစ်ဦးက ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါမိုင်းနင်းမှု ဖြစ်စဉ်တွင် မိခင်ဖြစ်သူက ခြေနှစ်ဖက်စလုံးမိုင်းစထိမှန်ခဲ့ကာ သမီးဖြစ်သူကတော့ ခြေတစ်ဖက်ပျက်ထွက်သွားပြီး ရှဒူးဇွပ် ဆေးပေးခန်းတွင် ကုသမှု ခံယူနေစဉ် သမီးဖြစ်သူက ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးသွားခဲ့ရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များရဲ့ မဆင်မခြင် မြုပ်နှံထားတဲ့ မိုင်းကြောင့် ယခုလို ထိခိုက်ဒဏ်ရာသေဆုံးရမှုက ဇန်နဝါရီ ၁၀ ရက်နေ့တုန်းက ဝူယန်ပြည်သူ့စစ်အဖွဲ့ရဲ့ မြေမြုပ်မိုင်း ဆော့ကစားမိရာမှ ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို ယခုတွင်လည်း အရပ်သားပြည်သူတစ်ဦး သေဆုံးသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။
တနိုင်း-လီဒိုလမ်းမပေါ်တွင်ရှိတဲ့ ရှဒူးဇွပ်ကျေးရွာရှိ အရပ်သားပြည်သူများက ရွှေမှော်အလုပ်နဲ့ တောင်ယာစိုက်ခင်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြသူများဖြစ်ကြပါတယ်။