ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ရဲ့ သွားလာခွင့်တင်းကျပ်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရ

တနိုင်း-လီဒိုလမ်းပိုင်းရှိ ရှဒူးဇွပ်ကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာရှိ ဒေသခံပြည်သူများက အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့များကြောင့် ဝင်ထွက်သွားလာရေး ဒုက္ခရောက်နေကြရပါတယ်။

ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲနေရာယူတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကျေးရွာအတွင်း ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတဲ့အပြင် စံပြကျေးရွာအသွားလမ်းပိုင်းကိုလည်း ပိတ်ပင်ထားတာကြောင့် ဒေသခံများရဲ့ သွားလာရေး အခက်ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရပါတယ်။

“အခက်အခဲတွေက ပိုမိုများပြားလာပါတယ်၊ သွားလာရေးကလည်း အခက်ကြုံနေရသလို ဒေသခံအချို့က ဘေးပတ်ဝန်းကျင်မှာ စိုက်ပျိုက်ရေးလုပ်တယ်၊ ရွှေတူးတာတွေ လုပ်ကြတယ်လေ၊ လက်မှတ်ပေးတယ်လို့ ပြောပေမယ့် ဘယ်သူမှ တာဝန်မယူကြဘူး၊ ပြဿနာဖြစ်ရင်တော့ ပြည်သူတွေပဲ ထိခိုက်တယ်လေ၊ လွတ်လွတ်လပ်လပ်သွားလာလို့မရ မှောင်လာတာနဲ့ အိမ်ပြန်ရပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ဇွန်လ ၁ ရက်နေ့ကစတင်ပြီး သွားလာခွင့်ပိတ်ပင်လိုက်တာဖြစ်ကာ ရွှေမှော်ဘက် သွားလာမှုကို အဓိကပိတ်ပင်လိုက်ခြင်းဖြစ်ပြီး တောင်ယာစိုက်ခင်းသွားသူများကိုတော့ ပြည်သူ့စစ်အဖွဲ့တွင် သွားလာခွင့်လက်မှတ်ထုတ်ယူကာ ဂိတ်ဝင်ထွက်ခွင့်ပြုနေကြောင်း သိရပါတယ်။

ယခုလို စစ်ဆေးရေးဂိတ် ပြုလုပ်ကာ ဝင်ထွက်သွားလာခွင့် တင်းကျပ်လိုက်တာကြောင့် ဒေသခံများရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ထိခိုက်မှု ရှိလာသလို အသက်လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြရတယ်လို့ ပြောဆိုနေကြပါတယ်။

Leave a Reply

*