တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကျေးရွာများထဲမှ ရှဒူးဇွပ် နဲ့ အောင်ရာ စစ်ဘေးရှောင်ပြည်သူများအတွက် ကေအိုင်အိုအစိုးရ၊ ဟူးကောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ အသက်မွေးဝမ်းကြောင်းပြုနိုင်ရေး လယ်ယာမြေများကို ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူများအတွက် ဧက (၂၀၀) ကျော် ခွဲဝေပေးခဲ့တာဖြစ်ပြီး ရှဒူးဇွပ် စစ်ဘေးရှောင် မိသားစု (၂၄) စုနဲ့ အောင်ရာ စစ်ဘေးရှောင်မိသားစု (၂၄) စုတို့ကို တစ်အိမ်ထောင်လျှင် (၅) ဧက စီပေးအပ်ခဲ့ပါတယ်။
“ဟူးကောင်းအုပ်ချုပ်ရေးအနေပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို ၅ ဧကစီပေးတာပါ၊ စိုက်ပျိုးရေးလုပ်ဖို့ပေးတာပါ၊ အခုတလောကပဲ တာဝန်ရှိသူတွေ တိုင်းတာပြီး ပေးအပ်ခဲ့တယ်၊ အခုနှစ်အတွင်း လယ်ယာလုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပေးတယ်ဗျာ၊ လိုအပ်တာတွေအကုန်လုံး သူတို့တာဝန်ယူပေးတယ် ကျတော်တို့ကတော့ ဘာမှစိုက်ထုတ်စရာမလိုဘူးပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခု ခွဲဝေပေးခဲ့တဲ့ လယ်ယာမြေများက ဝါရာဇွပ်ကျေးရွာအစပ်တွေ တည်ရှိတာဖြစ်ပြီး ယုဇနကုမ္ပဏီရဲ့ ပီလောပီနံစိုက်ခင်းပြုလုပ်ဖို့ အဓမ္မရယူထားတဲ့ လယ်ယာမြေများဖြစ်တာကြောင့် ကေအိုင်အိုအစိုးရမှ သိမ်းဆည်းထားပြီး ယခုလို စစ်ဘေးရှောင်ပြည်သူများကို ပြန်လည်ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။
ရှဒူးဇွပ်ကျေးရွာတွင် လတ်တလော အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ ကေအိုင်အေတပ်ကြား အခြေအနေအရပ်ရပ် တင်းမာနေတဲ့ နေရာဖြစ်ကာ ပြည်သူ့စစ်အဖွဲ့က ဒေသခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး ပြည်သူတစ်ဦးမှ ရွှေမှော်ဘက် ဦးတည်မောင်းနင်လာတဲ့ ဆီတင်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။