ရှဒန့်ပါဒေသခံများရဲ့ မြေယာကိစ္စကို Shingnip ရှေ့နေအဖွဲ့က ကူညီပေးနေ

မြန်မာနိုင်ငံဥပဒေအရ မြေလွတ်မြေလပ်ဥပဒေနဲ့ ဦးနိုင်ဝင်းအဖွဲ့ သိမ်းဆည်းသွားတဲ့ ရှဒန့်ပါဒေသခံများရဲ့ မြေယာနဲ့သက်ဆိုင်ပြီး မြေယာပြန်လည်ရရှိရေးအတွက် Shingnip ရှေ့နေအဖွဲ့က ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ်အစိုးရအနေဖြင့် ဦးနိုင်ဝင်းအဖွဲ့ကို တရားဝင်အဖြစ် အသိအမှတ်ပြုပေးလိုက်တဲ့ ရှဒန့်ပါဒေသခံများရဲ့ မြေယာများကို အစိုးရအနေဖြင့် တရားဝင်ပြန်လည်ရုပ်သိမ်းပေးဖို့ ရှေ့နေအဖွဲ့များက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒေသခံများကလည်း ပြည်နယ်အစိုးရဆီကို စာရေးသားပေးဖို့သွားဖို့ ပြင်ဆင်နေကြပါပြီ။

“ကျတော်တို့ဘက်ကနေပြီးတော့ လုပ်ဆောင်ရမယ့်အရာများကို စဉ်ဆက်မပျက်လုပ်ဆောင်နေတာပါ၊ ကျတော်တို့ကို Shingnip  ရှေ့နေအဖွဲ့က ပညာပေးကူညီတာတွေလုပ်တယ်၊ ကျတော်တို့လိုချင်တာက အစိုးရအနေဖြင့် တရားဝင်အဖြစ် မှားယွင်းပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပေးဖို့ ကျတော်တို့မြေယာပြန်လည်ရရှိဖို့ဖြစ်ပါတယ်” လို့ ရှဒန့်ပါကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အောက်တိုဘာလတုန်းက ရှဒန့်ပါကျေးရွာဘက်ကို မြေတိုင်းအဖွဲ့များက လာရောက်တိုင်းတာမှုတွေပြုလုပ်ခဲ့ကာ အင်မောက်မြေစာရင်းဌာနအနေဖြင့် ကချင်ပြည်နယ်အစိုးရဆီကို တင်ပြပေးထားပြီဖြစ်ကြောင်းပြောဆိုထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးပဲ ဖြစ်နေတာပါ။

မြေယာအငြင်းပွားမှုကိစ္စရပ်တွေက မြန်မာနိုင်ငံရဲ့ မြေလွတ်မြေလပ်ဥပဒေ စတင်အသက်ဝင်လာပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမြေယာပိုင်ဆိုင်မှုပြဿနာတွေဖြစ်ပွားနေတာဖြစ်ပြီး ဒီဥပဒေအသက်ဝင် ပြုပြင်ပြောင်းလဲပေးမှုတွေမရှိတရွေ့ မြေယာပြဿနာများက ဖြစ်ပွားနေအုံးမှာပဲဖြစ်တာကြောင့် စစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးခိုလှုံနေတဲ့ ပြည်သူများကလည်း မိမိနေအိမ်၊ မြေယာများကို အချိန်ရသည်နှင့်အမျှ သွားရောက်ကြည့်ရှုမှုတွေလုပ်ဆောင်နေရကြောင်း ဒေသခံတစ်ဦးက သူ့အမြင်ကိုပြောပြပါတယ်။

“အခုအခြေအနေအရဆိုရင် ဒေသခံများက အမြန်ဆုံးပြန်လည်သွားရောက်နေထိုင်ရမယ့်ပုံပေါက်နေတယ်၊ သူတို့ပြုပြင်ထားတဲ့ အစိုးရရဲ့လယ်ယာမြေဥပဒေက မြေယာပြဿနာကို ပိုမိုဖြစ်ပွားစေမှာပါပဲ။ ပြန်သွားရောက်နေထိုင်ဖို့ အားလုံးကိုလည်း မခေါ်သွားရဲပေမယ့် အခြေအနေပေါ်မူတည်ပြီး ကိုယ့်ရဲ့နေအိမ်မြေယာတွေကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေတော့ ပုံမှန်လုပ်ဆောင်နိုင်ရင်ကောင်းမယ်ထင်တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဦးနိုင်ဝင်းနှင့်အပေါင်းအပါ ၈ ယောက်က ရှဒန့်ပါဒေသခံများ စစ်ဘေးရှောင်နေစဉ် ချန်ရစ်ထားခဲ့တဲ့ မြေယာများ စိုက်ပျိုးနယ်မြေများကို တစ်ဦးကို ဧက ၅၀ ကိုယ်စီဖြင့် စုစုပေါင်း ဧက (၄၀၀) ကို ဒေါ့ဖုန်းယန်မြို့နယ်နဲ့ ဗန်းမော်ခရိုင်ရဲ့ ထောက်ခံမှုဖြင့် မြေလွတ်မြေရိုင်းအဖြစ် ကချင်ပြည်နယ်အစိုးရ မြေစာရင်းဌာနကို တင်ပြရယူခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

*