ရှထုဇွပ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် မှီခိုနေထိုင်နေကြသော စစ်ဘေးရှောင်နေသူများကို ရပ်မိရပ်ဖနှင့်ဘုရားကျောင်း တာဝန်ရှိသူများမှ မြေနေရာခွဲဝေပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
ခွဲဝေသတ်မှတ်ပေးသောနေရာက ရှထုဇွပ် အသင်းတော်သတ်မှတ်ထားတဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ ကောင်ရာရပ်ကွက် ဘုရားကျောင်းအနောက်ဘက်ရှိ မြေနေရာဖြစ်ပြီး ယခင်ကယုဇနကုမ္ပဏီမှ သိမ်းယူထားသော မြေကွက်ဖြစ်ကြောင်းသိရှိရပါတယ်။
ယခုအချိန် ယုဇနကုမ္ပဏီနှင့် ဒေသခံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပြီး ဧကပေါင်း ရှစ်ဧကကို စစ်ဘေးရှောင်အိမ်ထောင်စု ၂၅စုအတွက် သတ်မှတ်ထားပြီးဖြစ်ကြောင်း နေရာချထားရေးကို လက်တွေ့လုပ်နေတဲ့ဆရာ ဂွမ်ရိန်ကပြောပါတယ်။
” သူတို့ ယုဇနကုမ္ပဏီတွေ သိမ်းထားပြီး ဘာမှမလုပ်ဖြစ်တဲ့ မြေကွက်တွေဖြစ်ပါတယ်။ ကျနော်တို့မြို့ပေါ်က မြေကွက်လည်းဖြစ်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေနဲ့ ယုဇနကုမ္ပဏီနဲ့ပူးပေါင်းပြီးလုပ်ဆောင်ကြတာပါ” လို့သူကပြောပါတယ်။
ယခုအချိန် မြေနေရာချိန်ညှိခြင်းများပြုလုပ်နေပြီး သတ်မှတ်ထားသောမြေကွက်များကိုမြန်မာအစိုးရဘက်မှ တာဝန်ရှိသူများလဲ လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ ရှထုဇွပ်ဘုရားကျောင်းဝင်းထဲမှ စစ်ပြေးရှောင်ပြည်သူများမှာ ဟူးကောင်းဒေသမှလာရောက်ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများဖြစ်ကြောင်း သိရှိရပါတယ်။