ရှထုဇွပ်ကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းတွင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများ လက်ရှိအချိန်မှာတော့ သတ်မှတ်ထားတဲ့ ကျေးရွာအသစ်ဘက်ကို ပြောင်းရွေ့နေထိုင်နိုင်ဖို့ မိုးကာအမိုးများဖြင့် ပြုလုပ်တဲ့ နေအိမ်များ လုပ်ဆောင်နေပြီဖြစ်ကြောင်း စခန်းကော်မတီထံမှ သိရပါတယ်။

စစ်ဘေးရှောင်များရဲ့ နေအိမ်တည်ဆောက်ပေးမှုကို ၂၀၂၁ ခုနှစ်အစပိုင်းကနေ စတင်အကောင်အထည်ဖော်လုပ်ဆောင်လာတာဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့် တည်ဆောက်ခြင်းလုပ်ငန်းမပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မတ်လ အစောပိုင်းက ပြုလုပ်ဖို့ ပြင်ဆောင်နေချိန် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေ ပြန်လည်ရှိလာတာကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်ဖွယ်ဖြစ်တာကြောင့် နေအိမ်တည်ဆောက်ခြင်းကို အချိန်နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။
ယခင်လအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် သတ်မှတ်ပေးထားတဲ့ မြေနေရာအချို့မှာ ကျေးရွာပြည်သူအချို့နဲ့ မြေယာကိစ္စရပ်များ ပြဿနာဖြစ်ပွားခဲ့တာတွေ ရှိတာကြောင့် သက်ဆိုင်ရာဌာနဘက်ကို ဖြေရှင်းပေးဖို့ စာရေးသားပေးပို့ထားပေမယ့် လက်ရှိအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရပါတယ်။
မိုးရာသီကျရောက်တော့မှာဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူများ ပိုမိုအကျပ်အတည်းစိုက်သွားဖို့ ရှိနေတာကြောင့် သူတို့ကိုယ်တိုင်လုပ်အားဖြင့် နေရာသစ်ဘက်ကို မိုးကာဖြင့် နေအိမ်တည်ဆောက်လာရခြင်းဖြစ်ပါတယ်။
“မိုးရာသီရောက်ရင် ရေးကြီးမှုတွေနဲ့ ကြုံတွေ့ရတော့မှာဆိုတော့ မိုးမဝင်ခင် နေထိုင်နိုင်တဲ့အထိဖြစ်ပြီး ကိုယ်ထူကိုယ်ထတည်ဆောက်နေခြင်းဖြစ်တယ်၊ ပြီးတာနဲ့တော့ အားလုံးသွားနေကြတော့မှာပါ” လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။
ရှထုဇွပ်ကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းတွင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၂၅) စုဖြစ်ကာ မိုးကာနေအိမ်တည်ဆောက်ပြီးစီးတာနဲ့ ရွေ့ပြောင်းကြတော့မှာ ဖြစ်ပါတယ်။