တနိုင်း-လီဒိုလမ်းပေါ်ရှိကျေးရွာတစ်ခုဖြစ်တဲ့ ရှထုဇွပ်ကျေးရွာနဲ့ အနီးတဝိုက်ရှိ ဒေသခံပြည်သူများကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ပြည်သူ့စစ်အဖွဲ့များက စစ်ဆေးမေးမြန်းခြင်းတွေ ညနေအချိန်များတွင် လိုက်လံလုပ်ဆောင်နေကြောင်း သိရပါတယ်။

ထိုပြည်သူ့စစ်အဖွဲ့သားများက ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ယခုလိုနေ့စဉ်နေ့တိုင်းလိုလို လုပ်ဆောင်လာတာဖြစ်ပြီး အတင်းအဓမ္မ ကြမ်းတမ်းစွာစစ်ဆေးတာတွေအထိ ပြုလုပ်လာသလို ဖြတ်သန်းသွားလာကြတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်များကိုလည်း ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရပါတယ်။
“ယခုလိုစစ်ဆေးနေတာ နှစ်ရက် သုံးရက်လောက်ရှိလာပြီး သူတို့ဘယ်ကသတင်းအတုတွေရပြီးတော့ ကေအိုင်အေနဲ့ဆက်သွယ်မှုရှိမရှိဆိုတာကို စစ်ဆေးတာတွေ ခဏခဏလုပ်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့သောအပတ်တုန်းကလည်း ရှထုဇွပ်ကျေးရွာရှိ ဒေသခံတစ်ဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ သုံးရက်မြောက်အထိ စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘာသာရေးခေါင်းဆောင်များနဲ့ ဆွေမျိုးများက သွားရောက်ဆွေးနွေးပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရှထုဇွပ်ကျေးရွာနဲ့ စံပြကျေးရွာရဲ့ အဓိကကျတဲ့နေရာများတွင် ပြည်သူ့စစ်အဖွဲ့များက နေရာတကျစခန်းချမှုတွေလုပ်ဆောင်ပြီး ဒေသခံပြည်သူများကို အကြောင်းမဲ့ စစ်ဆေးတာတွေကို ပြုလုပ်လာတာကြောင့် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။