ရှင်ဗွေယန်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွား

တနိုင်း-လီဒိုလမ်းပိုင်း ရှင်ဗွေယန်မြို့နယ်ခွဲ တခတ်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ထိုဒေသတဝိုက် စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၈၆) တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၄၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

)

အင်အား ၆၀ ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းက ရှင်ဗွေယန်ဘက်ကနေ တရုံကျေးရွာဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ဘက် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

အဆိုပါစစ်ကြောင်းက စစ်ရေးလှုပ်ရှားလာခြင်းကြောင့် အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း တနိုင်းမြို့မှ စစ်ယာဉ်တန်းဖြင့် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေဘက်မှ လဂျားဘွမ်နဲ့ တရုံကျေးရွာကြားတွင် တိုက်ခိုက်မှု ရှိခဲ့ပါသေးတယ်။

တနိုင်း-လီဒိုလမ်းတဝိုက် စက်တင်ဘာ လဆန်းပိုင်းကစတင်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာပြည်သူများကို တောတွင်းသွားလာခြင်း မပြုလုပ်ကြဖို့ ကေအိုင်အေဘက်မှ သတိပေးထားကြောင်းလည်း သိရပါတယ်။

Leave a Reply

*