တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲတွင် အာဏာသိမ်းစစ်ကောင်စီအုပ်စုမှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ဆောင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်မှ ကြားဖြတ်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိနေတဲ့ ကျေးရွာများမှ ဒေသခံပြည်သူများကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စက်တင်ဘာ ၁၀ ရက် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေမှ စောင့်ကြိုတိုက်ခိုက်ခဲ့အပြီး စစ်ကောင်စီတပ်က ပစ်မှတ်မရှိ အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တာကြောင့် ဒိုင်ဖာကျေးရွာနဲ့အနီးတဝိုက် လယ်ယာလုပ်ကိုင်နေသူများ စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် ရှင်ဗွေယန်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
“သုံးနာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေစကြားခဲ့တာ၊ အဲ့နောက် အသံပြန်ငြိမ်သွားတော့ ဒေသခံတွေက မိမိအိမ်မှာပြန်နေနေကြတာ၊ ၅ နာရီလည်းရောက်ရော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကို ဝင်လာပြီဆိုတဲ့သတင်းကြားတော့ အသံတွေဆက်တိုက်ပြန်ကြားရတယ်၊ ကျတော်တို့လည်း ထွက်ပြေးရပြီပေါ့၊ အချို့ကတော့ ဗုံးခိုကျင်းထဲမှာ၊ ဘုရားကျောင်းဝင်းနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်ကြတယ် အချို့ကတော့ ရှင်ဗွေယန်ဘက် တိမ်းရှောင်သွားကြပြီ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြတဲ့ ပြည်သူများက စက်တင်ဘာ ၁၁ ရက်နေ့တွင် မိမိနေအိမ်ပြန်လာကြပြီးဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေရာယူနေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။