တရုတ်နိုင်ငံ ရွှေလီမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကေအိုင်အို အရှေ့ပိုင်းဌာနချုပ်၊ ဗန်းမော်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့တာဝန်ရှိသူများနဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ဘန်ဘိန်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ရွှေလီအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖိတ်ကြားမှုကြောင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ကာ လက်ရှိရွှေလီမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တွေ့ရှိထားတာကြောင့် နယ်စပ်ဒေသ ဝင်ထွက်သွားလာမှုများကို ပိတ်ပင်ထားသလို အရေးယူမှုတွေလည်း လုပ်ဆောင်နေကာ လိုအပ်ချက်ရှိလာပါက အတူတကွလုပ်ဆောင်သွားကြဖို့ ဆွေးနွေးခဲ့ကြတာပါ။
ရွှေလီမြို့ထဲကို တရားမဝင် ဝင်ရောက်လာသူထံမှ ရောဂါပိုးတွေ့ရှိထားကာ ထိုသူနဲ့တွေ့ဆုံခဲ့သူ လူဦးရေ ၂၀၀ နီးပါးရှိကာ တစ်ရာကျော်ကို ပိုးစစ်ဆေးမှုတွေလုပ်ဆောင်ပြီးဖြစ်ကာ မြို့တွင်းနေထိုင်သူအားလုံးကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးသွားဖို့ရှိနေပါတယ်။
တွေ့ဆုံမှုမှာတော့ ရွှေလီအုပ်ချုပ်ရေးအဖွဲ့မှ ၅ ဦးနဲ့ ဗန်းမော်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဦးလဖိုင်လဒွဲ ဦးဆောင်ပြီး ကော်မတီဝင် ၅ ဦးတို့ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်းမှာတော့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စက်တင်ဘာ ၁၆ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ (၃၈၂၁) ဦးရှိကာ ပိုးကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၉၀၈) ဦးအထိရှိခဲ့ပြီး သေဆုံးသူကတော့ (၄၀) ဦးအထိရှိနေပါတယ်။