ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ယမန်နေ့ ည ၁၀ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း (၃) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီးဖြင့် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်လိုက်စဉ် အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရှိရသေးကာ စစ်ကောင်စီဘက်မှ အနီးဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်နေခဲ့ကြပါတယ်။
ရွှေညောင်ပင်တပ်စခန်းက မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင်ရှိနေကာ ခရီးသွားပြည်သူများကို လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမှုပြင်းထန်စွာလုပ်ဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းရာနေရာတစ်ခုဖြစ်ပြီး စစ်သင်တန်းပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်ရင်း (၃) နယ်မြေ ကန်ပိုက်တီလမ်းပိုင်း ဘွမ်တောင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အင်အား (၅၀) ပါစစ်ကူစစ်ကြောင်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အေတပ်မဟာ (၅) တပ်ရင်း (၃) နယ်မြေတွင် ဇူလိုင်လကုန်ပိုင်းကစတင်ပြီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်တိုက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း ထပ်တိုးလာမှုတွေ ရှိနေပါတယ်။