ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအပြင် ၂ မိုင်တွင် ရှိတဲ့ တောင်ယာတွင် စက်တင်ဘာ ၃ ရက်နေ့ မနက် ၇ နာရီခွဲကနေ ၉ နာရီခွဲအထိ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၈ တပ်ရင်း ၅ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကျောက်ကြီးကျေးရွာတွင် လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ ၃၆၃ မှ တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကေအိုင်အေတည်ရှိရာနေရာဘက် ထိုးစစ်ဆင်လာတာကြောင့် ၂ နာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိမရှိဆိုတာကိုတော့ မသိရှိရသေးပါဘူး။
လွန်ခဲ့သော မတ်လ ၃၁ ရက်နေ့တွင်လည်း ကျောက်ကြီးကျေးရွာရှိ ရဲကင်းစခန်းတစ်ခုကို ကေအိုင်အေတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့မှု ရှိခဲ့ပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က ကချင်ပြည်နယ်တဝှမ်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုတွေက မကြာခဏရှိနေဆဲဖြစ်ပါတယ်။
ထို့ပြင် ယနေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံးကိုး-ဖောင်းဆိုင်ဒေသ လွယ်ငူတောင်တွင် အာဏာသိမ်းစစ်တပ်အုပ်စုက ကိုးကန့်တပ်မတော် နယ်မြေဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ရဟတ်ယာဉ်အသုံးပြုမှုလည်း ရှိခဲ့ကြောင်း သိရပါတယ်။
ဩဂုတ်လလယ်ပိုင်းက စတင်ပြီး မုံးကိုးဒေသတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း ကိုးကန့်တပ်မတော်က သိမ်းဆည်းနိုင်ခဲ့မှု ရှိခဲ့ပါတယ်။