ရွှေကူနဲ့ ဝှေခါတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

ရွှေကူမြို့နယ်၊ တိန်းဟွန်းကျေးရွာအုပ်စု၊ မိုးလဲကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၂ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ဝန်းကျင်ဖြင့် မိုင်းနောင်ဘက်ကနေ  ခြေလျင်စစ်ကြောင်းဖြင့် ချီတက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး မနက် ၆ နာရီခန့်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က မိုးလဲကျေးရွာရှိ ဒေသခံနေအိမ်များ၊ ဈေးဆိုင်များတွင် တင်းကြပ်စွာစစ်ဆေးမှု ပြုလုပ်နေခဲ့ပြီး ၈ နာရီခန့်မှာတော့ မိုးလဲကျေးရွာအုပ်ချုပ်ရေးရုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းက မိုးလဲကျေးရွာကနေ  မံနားကျေးရွာဘက် ဆက်လက်ပြီး ချီတက်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ထို့အပြင် ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင်လည်း ယနေ့ နေ့လည် ၁ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ မှ စောင့်ကြိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင်း ၃ နေရာထက်မနည်းတွင် ဖြတ်သန်းသွားလာတဲ့ ပြည်သူများကို စစ်ဆေးမှု တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*