နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။
ရွှေကူမြို့နယ်၊ သံတံတားကျေးရွာအနီး နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၉ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၂ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၂၃ လို့ ခန့်မှန်းရတဲ့ စစ်ကြောင်းက စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် KIA, KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ကာ တစ်နာရီနီးပါး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ရွှေကူဒေသတွင် နိုဝင်ဘာ ၁၅ ရက်နေ့တုန်းကလည်း မိုင်းနောင်ဘက်ကနေ စစ်ကြောင်းထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်နဲ့ မိုးလဲတွင် တိုက်ပွဲပြင်းထန်စွာခဲ့ပြီး စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးရုံးတစ်ခုကို မီးရှို့ဖျက်ဆီးသွားခဲ့ကာ နေအိမ်မီးရှို့မှုတွေလည်းရှိခဲ့ကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆေးရုံတစ်ခုထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကိုင်းနယ်စပ် ဗန်းမောက်နဲ့ အင်းတော်ကြားတွင်လည်း ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံ ခမရ ၄၁၆ တပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့မှုရှိခဲ့ကာ ၁၂ နာရီခွဲ အချိန်မှာတော့ မြစ်ကြီးနားလေတပ်မှ စစ်ရဟတ်ယာဉ်တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာဘက် ပစ်ကူတာတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။