ရှမ်းပြည်နယ် လားရှိုးမြို့တွင် ရဲနဲ့စစ်သားများက မြို့တွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လက်အောက်ရှိ ရှမ်းပြည်ဇုံနယ်ရုံးရှိ တာဝန်ထမ်းဆောင်နေသူများ အွန်လိုင်းဖြင့် ကျမ်းစာသင်ကြားနေတဲ့ လူငယ် ၁၄ ဦးကို ဘုရားကျောင်းဝင်းတံခါးတွေ ဖျက်ဆီးပြီး မတရားဖမ်းဆီးသွားခဲ့ခြင်းမှ မတ်လ ၂ ရက်နေ့ ညနေပိုင်းက ပြန်လည်လွတ်ပေးခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့က လားရှိုးမြို့တွင်း အာဏာရှင်သိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြနေတဲ့ ပြည်သူများကို ရဲနဲ့စစ်သားများကို ဖြိုခွဲပြီး လိုက်လံဖမ်းဆီးစဉ် အင်အား ၃၀ ရှိတဲ့ရဲနဲ့စစ်သားများက ရှမ်းပြည်ဇုံနယ်ရုံးရှိရာ ဘုရားကျောင်းဝင်းထဲကို ဝင်ရောက်ဖို့ ခြံဝင်းတံခါးများကို ဖျက်ဆီးလိုက်ပြီး သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး လူငယ်များကို မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အသင်းတော်ရှိ ဓမ္မဆရာနဲ့လူငယ်များကို ရဲများက ရိုက်နှက်ခြင်း၊ ခြေဖြင့်ကန်ကျောက်ခြင်းများပြုလုပ်ကာ လားရှိုး အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားခဲ့တာကြောင့် အသင်းတော်တာဝန်ရှိသူများနဲ့ ရှေ့နေများသွားရောက် ညှိနှိုင်းခြင်းဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။
“လားရှိုးမြို့မှာ ခရစ်ယာန်ဘာသာဝင်များက ခရစ်ယာန်အလံတွေကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန္ဒပြမှုတွေလုပ်ဆောင်ကြသလို ကချင်လူငယ်များကလည်း နည်းမျိုးစုံဖြင့် သပိတ်တွေမှာ ပါဝင်နေကြတာကို သူတို့က မလိုလားတဲ့သဘောနဲ့ ပြဿနာရှာတဲ့သဘောပါ” လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လားရှိုးမြို့တွင်း အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြသပိတ်မှောက်နေကြခြင်းကို ရဲနဲ့စစ်သားများက ဖေဖော်ဝါရီ ၂၈ ရက်နေ့နောက်ပိုင်း ကျည်အစစ်များအသုံးပြုလာခြင်း၊ မျက်ရည်ယိုဗုံး၊ ရေထိုးယဉ်များအသုံးပြုခြင်းများဖြင့် သပိတ်ဖြိုခွင်းမှုကို တိုးပြီးလုပ်ဆောင်လာကြောင်း သိရှိရပါတယ်။