ရေမဆေးကျောက်ရှာဖွေသူ (၂၀၀) နီးပါး မြေပြိုမှုကြောင့် အသက်ဆုံးရှုံး

ဖားကန့်မြို့နယ်၊ ဝှေခါမှော်တွင် ဇူလိုင်လ ၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်တွင် လခူးချောင်ရပ်ကွက်ရှိ မြေဇာပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် ရေမဆေးရှာဖွေနေသူ အယောက် ၂၀၀ နီးပါး ပါဝင်သွားခဲ့ကာ ယမန်နေ့ညနေ ၇ နာရီခွဲအချိန်မှာတော့ အလောင်း ၁၆၂ဦးရဲ့ ရုပ်လောင်းများကို ရှာဖွေရရှိခဲ့ကာ ဒဏ်ရာရရှိသူ (၅၄) ဦးကိုတော့ ဖားကန့်ဆေးရုံကြီးနဲ့ ဝှေခါတိုက်နယ်ဆေးရုံတွေကို ပို့ဆောင်ကုသပေးနေပါတယ်။ မြေပြိုသေဆုံးမှုတွင် ကချင်လူငယ် (၆) ဦးအပြင် အခြားသောတိုင်းရင်းသားပြည်သူများလည်း ပါဝင်ကာ အချို့ကိုတော့ တူးဖော်ရှာဖွေနိုင်ခြင်းမရှိသေးသလို လက်ရှိအချိန်တွင် ဝှေခါ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့၊ လူမှု့ကူညီရေးအဖွဲ့တွေ၊ ဖားကန့်မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေ ပါဝင်ပြပီးရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ဝှေခါကျေးရွာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်က ပြောပါတယ်။

ဧရာရတနာနဲ့ သစ်သုံးလုံး ကုမ္ပဏီတွေက ဇူလိုင်လ ၁ ရက်နေ့တွင် စက်ယန္တရားများအားလုံးကို ရပ်နားထားလိုက်ချိန် ဇူလိုင် (၂) ရက်နေ့မနက်မှာတော့ ရေမဆေးကျောက်ရှာသူတွေ ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်နေစဉ် ရေအိုင်သဖွယ်ဖြစ်နေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်ဟောင်းထဲကို လခူးချောင်းရပ်ကွက်ဘက်ရှိ မြေများပြိုကျလာတာကြောင့် ရေများမြင့်တက်လာကာ ရေအိုင်တဝိုက်ရှိ ကျောက်ရှာဖွေနေသူများကို လှိုင်းခတ်ခဲ့တာကြောင့် လူအမြောက်အများအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကာ ဒဏ်ရာရရှိသူများလည်း အလွန်များပြားခဲ့ကြောင်း ဖားကန့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးဒါ့ရှီနော်လွန် ကပြောပါတယ်။

ဖားကန့်ဒေသက မိုးများတဲ့ဒေသဖြစ်သလို ကုမ္ပဏီများတူးဖော်ထားပြီး ခိုင်ခံမှုမရှိတော့တဲ့ လုပ်ကွက်ကျောက်နံရံတွေများပြားခြင်းကြောင့် မြေပြိုမှုဖြစ်ပွားရခြင်းဖြစ်ကာ လွန်ခဲ့သောခုနှစ်များကတည်းက ယခုလို မြေဇာပုံပျိုကျမှုတွေက စဉ်ဆက်မပြတ်ဖြစ်ပွားနေကာ လူသေဆုံးစေမှုဖြစ်ပွားစေတဲ့ ဖြစ်ရပ်များလည်း များစွာရှိခဲ့ပါပြီ။ ဖားကန့်မှော်များတွင်ကျောက်ရှာဖွေတူးဖော်တဲ့ ကုမ္ပဏီများရဲ့ မဆင်မခြင် စနစ်တကျမရှိတဲ့ မြေဇာသွန်ခြင်းများကြောင့်  မြေပြိုမှုအများဆုံးဖြစ်ပွားရခြင်းဖြစ်ကာ နှစ်စဉ်နှစ်တိုင်း လူပေါင်း တစ်ထောင်နီးပါးအသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။

Leave a Reply

*