ရေဘေးကြောင့် ပျက်စီးနေအိမ်များ ပြန်တည်ဆောက်ဖို့ အကူအညီလိုအပ်

ဩဂုတ်လ ၁၂ ရက်နေ့ တရုတ်-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးများ ရေကြီးပြီး မြေပြိုမှုများကြောင့် မဂါးယန်စစ်ဘေးရှောင်စခန်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ရကာ ပြန်လည်တည်ဆောက်ဖို့ အရေးတကြီး အကူအညီများ လိုအပ်နေကြောင်း စခန်းကော်မတီထံမှ သိရပါတယ်။

ထိုရေကြီး မြေပြိုမှုကြောင့် စစ်ဘေးရှောင်စခန်းရှိ နေအိမ် ၁၂ လုံး၊ စားဖိုခန်း ၁၀ လုံး၊ အိမ်သာ၊ ဝက်ခြံတို့ ထိခိုက်ပျက်စီးသွားခဲ့ရကာ ဝက် ၄ ကောင် ရေစီးနဲ့အတူ မျောပါသွားခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတစ်ဦးလည်း သေဆုံးသွားခဲ့ရပါတယ်။

ရေစီးနဲ့မျောပါသွားတဲ့ နေအိမ် ၂ လုံးကိုတော့ ဗဟိုစစ်ဘေးရှောင်အကူညီပေးရေးမှ ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပေမယ့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ် ၁၀ လုံးကိုတော့ ပြန်လည်ပြုပြင်ဖို့ အခက်ကြုံနေကြရတာဖြစ်ပါတယ်။

နေအိမ်ပျက်စီးသွားခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူများကတော့ စခန်းရုံးနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြကာ နေအိမ်ပြန်လည်တည်ဆောက်ဖို့ စခန်းတာဝန်ရှိသူများက လူမှုကူညီရေးအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားကြောင်းလည်း သိရပါတယ်။

“ဘယ်အချိန်ပြန်လည်ပြုပြင်ပေးမယ်ဆိုတာကိုတော့ မပြောပေမယ့် အရေးတကြီးနေထိုင်ဖို့လိုအပ်သူတွေ၊ ရေစီးထဲမျှောပါသွားတဲ့ ၂ အိမ်ကိုတော့ ဗဟိုစစ်ဘေးရှောင်အကူညီပေးရေးက ပြန်လည်လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ မိုးနည်းသွားရင်ဖြစ်လောက်တယ်၊ ကျန်ရှိနေသေးတဲ့ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များကိုလည်း စာရင်းအတိအကျကောက်နေတယ်၊ လူမှုကူညီရေးအဖွဲ့တွေဆီ အကူအညီတောင်းဖို့ရှိတော့ ရှိပါတယ်” စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဆရာဖောင်ဒါနော်ဆန့် ကပြောပါတယ်။

ဩဂုတ်ခ ၁၂ ရက်နေ့ မနက်အစောပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများပြားခဲ့ကာ လိုင်ဇာနဲ့အနီးဝန်းကျင်ရှိ နယ်စပ်စစ်ဘေးရှာင်စခန်းများ ရေကြီးပြီး မြေပြိုမှုများကြောင့် စစ်ဘေးရှာင်ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ရကာ စစ်ဘေးရှောင်ပြည်သူများက ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသလို လက်ရှိမှာတော့ ဘေးလွတ်ရာကို ပြောင်းရွေ့ခိုလှုံနေကြရပါတယ်။

Leave a Reply

*