ကေအိုင်အို အမျိုးသမိးရေးရာအဖွဲ့ကနေ ဦးစီးပြီးသင်ကြားပေးတဲ့ အပ်ချုပ်အထူးသင်တန်းဆင်းဆွဲကို လိုင်ဇာမြို့ ရိုးရာရက်ကန်းသင်တန်းကျောင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဇွန် ၅ ရက်နေ့က စတင်ခဲ့တဲ့ အပ်ချုပ်အဆင်မြင့်သင်တန်းကို နှစ်လသာ သင်ကြားပေးခဲ့ကာ အမျိုးသားအမျိုးသမီးအားလုံး အသုံးပြုနိုင်တဲ့ လွယ်အိပ်အကြီးနဲ့ အသေးပုံစံမျိုးစုံကို သင်ကြားပေးခဲ့ပါတယ်။
“တာဝန်ထမ်းဆောင်ရင်း အခက်အခဲတွေ့နေရတဲ့ အိမ်ထောင်စုတွေ၊ စစ်ဘေးကြောင့် ထိခိုက်သွားတဲ့ ကျေးရွာရှိ အသက်ငယ်ရွယ်သေးပြီး ကျောင်းဆက်မတက်နိုင်သူတွေ၊ ကျောင်းထွက်လိုက်ရတဲ့ အမျိုးသမီးတွေကို အဓိကထားသင်ကြားပေးခြင်းဖြစ်သလို သူတို့အသက်မွေးဝမ်းကြောင်း သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီးတော့ ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ DPP True Projet တာဝန်ခံ ဆရာမယိန်းမျော် ကပြောပါတယ်။

ဒီအပ်ချုပ်သင်တန်းကိုတော့ ဝှေကြိုင်၊ ဖွန်လွမ်ယန်၊ ဂျဲယန်၊ လိုင်ဇာရှိအမျိုးသမီး (၁၀) ဦး လာရောက်သင်ယူခဲ့ကာ ဆက်လက်ပြီးတော့ အခြေခံအပ်ချုပ်နည်းသင်တန်းကိုလည်း မဂါ့ယန်၊ ရှအစ်ယန်၊ ဝှေကြိုင်၊ လိုင်ဇာ၊ ဂျဲယန်၊ ဖွန်လွမ်ယန်နဲ့ ဒွန်ဘုံးစစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီး ၁၅ ဦးကိုလည်း ဩဂုတ်လ ၅ ရက်နေ့မှာ စတင်လက်ခံကာ ၇ ရက်နေ့ကစပြီး သုံးလတိတိသင်ကြားပို့ချပေးသွားမှာဖြစ်ကာ နောက်များတွင်လည်းဆက်လက်သင်ကြားပေးသွားဖို့ အစီအစဉ်ရှိနေပါသေးတယ်။