ယုဇနကုမ္ပဏီသိမ်းယူထားတဲ့ မြေယာများကို မူလပိုင်ရှင်များပြန်လည်ရယူ

ဟူးကောင်းချိုင့်ဝှမ်း တနိုင်း-လီဒိုလမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းပြီး ယုဇနကုမ္ပဏီမှ သိမ်းဆည်းထားတဲ့ မြေဧက ၂ သိန်းကျော်ကို မူလပိုင်ရှင်ဒေသခံများ ပြန်လည်ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ကေအိုင်အေအဖွဲ့မှ ဧပြီ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဟူးကောင်းချိုင့်ဝှမ်း တနိုင်း-လီဒိုလမ်းပေါ်ရှိ ဒေသခံပြည်သူများရဲ့ မြေယာများကို မတရားသိမ်းဆည်းထားမှုတဲ့ ယုဇနကုမ္ပဏီအနေဖြင့် ထိုဒေသကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ပြောဆိုထားတာကြောင့် ယုဇနကုမ္ပဏီမှ ပစ္စည်းများသိမ်းဆည်းပြီး ထွက်ခွာသွားခဲ့ကြပါတယ်။

ကုမ္ပဏီပစ္စည်းများသိမ်းဆည်းပြီး လုပ်ငန်းရုပ်သိမ်းသွားပြီဖြစ်တာကြောင့် ဒေသခံပြည်သူများရဲ့ မြေယာများကို ပြည်သူ့တိုးတက်ရေးအဖွဲ့မှ ဦးဆောင်ပြီး ခွဲဝေပေးဖို့ ပြင်ဆင်နေကြပါပြီ။

မတရား သိမ်းဆည်းခံလိုက်ရတဲ့ ပြည်သူများက လွန်ခဲ့သောအချိန်များတွင် အစိုးရအဆင့်ဆင့်နဲ့ သမ္မတအထိ စာရေးသားပေးပို့ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ဘူးပေမယ့် ဖြေရှင်းပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ ဧပြီ ၇ ရက်နေ့မှာတော့ ဒေသခံပြည်သူများက ယုဇနကုမ္ပဏီကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

ယုဇနကုမ္ပဏီအနေဖြင့် ဟူးကောင်းချိုင့်ဝှမ်း တနိုင်း-လီဒိုလမ်းပေါ်ရှိကျေးရွာများဖြစ်တဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ဂျာထုဇွပ်၊ အောင်ရာ၊ စံပြ၊ တိန်ကောက်၊ ကောင်ရာနဲ့ တနိုင်းဒေသရှိ ဒေသခံပြည်သူများရဲ့ မြေနေရာ ဧက ၂ သိန်းကျော်ကို မတရားနည်းလမ်းဖြင့် သိမ်းဆည်းထားတာဖြစ်ပြီး ယခုလိုမိမိမြေယာပြန်လည်ရရှိမှာဖြစ်ခြင်းကြောင့် ဒေသခံများက ဝမ်းသာနေကြရပါတယ်။

Leave a Reply

*